၁၉   မတ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဩစတြေးလျ  ဓနသဟာယနိုင်ငံ ဝန်ကြီးချုပ် မဲလ်ကွန်တန်ဘဲလ်၏ ဖိတ်ကြားချက်အရ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ပြီး ဩစတြေးလျဓနသဟာယနိုင်ငံ ဆစ်ဒနီမြို့၌ မတ်လ ၁၇ ရက်နှင့် ၁၈ ရက်နေ့တွင်ကျင်းပသည့် အာဆီယံ-ဩစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

 

ယခုကျင်းပသည့် အာဆီယံ-ဩစတြေးလျ အထူးထိပ်သီးအစည်း အဝေးသို့ ဩစတြေးလျဓနသဟာယနိုင်ငံ ဝန်ကြီးချုပ်၊ အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါအထူးထိပ်သီး အစည်းအဝေးသည် အာဆီယံနိုင်ငံများနှင့် ဩစတြေးလျနိုင်ငံတို့၏ ဆက်ဆံရေးကို ထပ်မံအတည်ပြုသည့် အရေးပါသော အစည်းအဝေးဖြစ်ပြီး ဩစတြေးလျနိုင်ငံတွင် ပထမဆုံးကျင်းပသည့် အစည်းအဝေးဖြစ်သည်။

 

အထူးထိပ်သီးအစည်းအဝေးတွင် ကုန်သွယ်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် အစွန်းရောက်ဝါဒအန္တရာယ်၊ ခြိမ်းခြောက်မှုအန္တရာယ် စသည်တို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ်က အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးနှင့် လွတ်လပ်စွာ ကုန်သွယ်ခွင့်တို့နှင့်ပတ်သက်၍ ပြောကြားခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရာ၌ ထောက်လှမ်းရေးသတင်းအချက်အလက်များ ဖလှယ်ရေးအတွက် ဩစတြေးလျနှင့် အာဆီယံနိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။

 

ယခုအစည်းအဝေးတွင် ဩစတြေးလျနှင့် အာဆီယံနိုင်ငံများက အကြမ်းဖက်မှုတိုက်ဖျက်ရေးကို ဦးစားပေး ဆွေးနွေးခဲ့ကြပြီး အစွန်းရောက်များနှင့် အခြားရာဇဝတ်သားများက လျှို့ဝှက်အင်တာနက်ဝက်ဘ်ဆိုက်များအသုံးပြုမှု မြင့်တက်လာနေသော ပြဿနာကို ဩစတြေးလျ ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။ အဆိုပါခြိမ်းခြောက်မှုကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ ညီညွတ်မှုရှိရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုအန္တရာယ်သည် ဩစတြေးလျနိုင်ငံသာမက မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံ အများစုအနေဖြင့်လည်း ကြုံတွေ့နေရသည်။ ထို့ကြောင့် ယခုအစည်းအဝေးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးကို ဦးစားပေးဆွေးနွေးခဲ့ကြသည်ကို တွေ့ရသည်။

 

ဩစတြေးလျနိုင်ငံသည် မြန်မာနိုင်ငံမှ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်နေသည့်နိုင်ငံဖြစ်ပြီး အာဆီယံအဖွဲ့ကြီး၏ ဆွေးနွေးဖက်နိုင်ငံဖြစ်ခဲ့သည်။ အာဆီယံ-ဩစတြေးလျ အထူးထိပ်သီး အစည်းအဝေးကို ၂၀၁၆ ခုနှစ်က လာအိုနိုင်ငံတွင် ကျင်းပခဲ့ပြီးနောက် ယခုဩစတြေးလျနိုင်ငံတွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခြင်းဖြစ်သည်။ အာဆီယံ-ဩစတြေးလျ မိတ်ဖက်ဆက်ဆံရေးသည် ၂၀၁၄ ခုနှစ်တွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး အဆင့်သို့ ရောက်လာပြီးနောက် ၂၀၁၆ ခုနှစ်တွင် အာဆီယံ-ဩစတြေးလျ ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၃ ဘီလီယံအထိ ရှိလာခဲ့သည်။ တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂနိုင်ငံများပြီးလျှင် တတိယမြောက် ကုန်သွယ်မှုအများဆုံးနိုင်ငံ ဖြစ်သည်။

 

ဩစတြေးလျနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် ယမန်နှစ်က ဩစတြေးလျဒေါ်လာ ၁၆ သန်း ထပ်မံပံ့ပိုးကူညီပေးရန် ကတိကဝတ်ပြုခဲ့ပြီး ရခိုင်ပြည်နယ် အကူအညီ ပေးရေးနှင့်ပတ်သက်၍ ကိုဖီအာနန်ကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာပါ အကြံပေးချက်များအတိုင်း ထောက်ပံ့ကူညီပေးမည်ဟု အသိပေးထားသည်။ ဩစတြေးလျနိုင်ငံက ၂၀၁၆ ခုနှစ် ဇူလိုင်လမှစ၍ မြန်မာနိုင်ငံအတွက် ကူညီထောက်ပံ့ပေးငွေမှာ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၈ သန်း ရှိခဲ့ပြီဟု သိရသည်။

 

သို့ဖြစ်ရာ အာဆီယံ-ဩစတြေးလျ အထူးထိပ်သီးအစည်းအဝေးတွင် အကြမ်းဖက်မှုအန္တရာယ်ကို အလေးအနက်ထား ဆွေးနွေးခဲ့သည့်နည်းတူ မြန်မာနိုင်ငံအနေဖြင့်လည်း ကြုံတွေ့နေသော အကြမ်းဖက်မှုအန္တရာယ်များကို အာဆီယံ-ဩစတြေးလျ မိတ်ဖက်နိုင်ငံများနှင့် ပိုမိုလက်တွဲ ဆောင်ရွက်နိုင်ပြီး နိုင်ငံတကာဆက်ဆံရေးနယ်ပယ်၌ မြန်မာနိုင်ငံ၏ အခန်းကဏ္ဍမှာ ပိုမိုမြင့်မားလာသဖြင့် ဒေသတွင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံ များနှင့် ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက် ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။

 

ကြေးမုံ (အယ်ဒီတာ့အာဘော်)