ရန်ကုန် ၂ မေ
အာဆီယံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂၀၁၉ အာဆီယံ ယူ-၁၅ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု (က) ၌ ပါဝင်လျက်ရှိသည်။ ယင်းပြိုင်ပွဲတွင် အသင်းကိုးသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (က) တွင် မြန်မာ၊ ဗီယက်နမ်၊ တိမော၊ ဖိလစ်ပိုင်၊ အုပ်စု (ခ) တွင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ လာအို၊ ကမ္ဘောဒီးယားအသင်းတို့ ပါဝင်နေသည်။
အဆိုပါ ပြိုင်ပွဲတွင် မူလက အင်ဒိုနီးရှားအသင်း ပါဝင်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသော်လည်း နုတ်ထွက်သွားသောကြောင့် အုပ်စု (က) တွင် လေးသင်းသာ ကျန်ရှိနေတော့ခြင်းဖြစ်သည်။ ပြိုင်ပွဲကို မေ ၉ ရက်မှ ၂၁ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် မေ ၁၀ ရက်တွင် တီမောအသင်း၊ မေ ၁၂ ရက်တွင် ဖိလစ်ပိုင်အသင်း၊ မေ ၁၄ ရက်တွင် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာအသင်းပါဝင်သည့် အုပ်စု (က) မှာ လေးသင်းသာ ပါဝင်သောကြောင့် ဆီမီးဖိုင်နယ်ပွဲမတိုင်မီ နားရက်ပိုရမည်ဖြစ်ပြီး အုပ်စုပွဲစဉ်များကို မေ ၉ ရက်မှ ၁၇ ရက်၊ ဆီမီးဖိုင်နယ်ကို မေ ၁၉ ရက်၊ ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲကို မေ ၂၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၈ ခုနှစ်တွင် ယူ-၁၆ ပြိုင်ပွဲအဖြစ် ကျင်းပခဲ့ပြီး ယခုနှစ်တွင် ယူ-၁၅ ပြိုင်ပွဲအဖြစ် ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းသည် ပြီးခဲ့သည့်နှစ်တွင် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီး ထိုင်းကိုရှုံးနိမ့်ကာ ဒုတိယဆုဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။
ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၁၅ အမျိုးသမီးအသင်းသည် အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး ရက်ပိုင်းအတွင်း အပြီးသတ်လူစာရင်း ထုတ်ပြန်ကြေညာမည်ဖြစ်သည်။
ရဲရင့်ရှိုင်း