အာဆီယံ ယူ-၁၅ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်း တီမောကို ၂၆ ဂိုးသွင်း

ချောင်ဘူရီ ၁၀ မေ


၂၀၁၉ အာဆီယံ ယူ-၁၅ အမျိုးသမီးပြိုင်ပွဲ အုပ်စု(က) ပထမနေ့ကို ယနေ့ညနေပိုင်းက ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ ၌ ကျင်းပရာ မြန်မာအသင်းက တီမောအသင်းကို ၂၆ ဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။
    

မြန်မာ ယူ-၁၅ အမျိုးသမီးအသင်းသည် ပွဲဦးထွက်ပွဲတွင် ခြေစွမ်းပြခဲ့ပြီး စံချိန်တင်ဂိုးရလဒ် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပွဲစကတည်းက ခြေအသာဖြင့် ဖိကစားကာ ပထမပိုင်းတွင် ၁၅ ဂိုး၊ ဒုတိယပိုင်းတွင် ၁၁ ဂိုး သွင်းယူခဲ့ခြင်း ဖြစ်သည်။ 


တီမောအသင်းသည် မြန်မာအသင်းကို ယှဉ်ကစားနိုင်ခြင်းမရှိဘဲ ခံစစ်ကို အားပြုကစားသော်လည်း မြန်မာတိုက်စစ်ကို ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ပေ။ မြန်မာအသင်းအတွက် ကစားသမားကိုးဦးက ၂၅ ဂိုးသွင်းယူပြီး ကျန်တစ်ဂိုးမှာ တီမောအသင်းက ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့ခြင်းဖြစ်သည်။
 

မြန်မာအသင်းအတွက် အနိုင်ဂိုးများကို ၁၆၊ ၂၉၊ ၃၇၊ ၅၇၊ ၅၈၊ ၆၂၊ ၇၆ မိနစ်တွင် ဆုမြတ်နိုးက ခုနစ်ဂိုး၊ ၆၊ ၂၆၊ ၄၀၊ ၄၀+၂၊ ၈၀ မိနစ်တွင် ယုယနိုင်က ငါးဂိုး၊ ၃၊ ၁၈၊ ၁၉၊ ၂၂ မိနစ်တွင် သန်းသန်းစိုးက လေးဂိုး၊ ၇၊ ၂၇၊ ၃၅ မိနစ်တွင် ဇင်မိုးပြည့်က သုံးဂိုး၊ ၂၂၊ ၃၃ မိနစ်တွင် ထူးသိင်္ဂီနိုင်က နှစ်ဂိုး၊ ၅၉ မိနစ်တွင် နန်းချိုမွှေး၊ ၆၅ မိနစ်တွင် ပိုင်ဖြိုးဆု၊ ၆၆ မိနစ်တွင် အေးထက်ထက်ပိုင်၊ ၈၀+၃ မိနစ်တွင် ဝေနှင်းဖြိုးတို့က တစ်ဂိုးစီ သွင်းယူခဲ့ပြီး ၆၈ မိနစ်တွင် ရရှိသည့်ဂိုးမှာ တီမောအသင်း ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ခြင်းဖြစ်သည်။
    

မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် အုပ်စု(က)၌ ကျရောက်နေပြီး ဗီယက်နမ်၊ တီမော၊ ဖိလစ်ပိုင်တို့နှင့်အတူ ပါဝင်နေသည်။ မြန်မာအသင်းသည် ဒုတိယပွဲအဖြစ် မေ ၁၂ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် ကစားရမည်ဖြစ်သည်။


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-MFF

 

1