အာဆီယံ ယူ-၁၈ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပထမပွဲ မြန်မာနှင့် မလေးရှားယနေ့ကစားမည်

ရန်ကုန်   ဇူလိုင်   ၂၅

အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၂၀၂၂ အာဆီယံ ယူ-၁၈ အမျိုးသမီး ချန်ပီယံရှစ်ဘောလုံး ပြိုင်ပွဲအုပ်စု (ခ) ပထမနေ့ကို ဇူလိုင် ၂၅ ရက် (ယနေ့) တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်း သည် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အုပ်စု (ခ) အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၂၄ ရက်က ကျင်းပရာ မြန်မာအသင်း အပါအဝင် သြစတြေးလျ၊ ဖိလစ်ပိုင်နှင့် မလေးရှားအသင်းတို့မှ နည်းပြချုပ်များတက်ရောက်ခဲ့သည်။ မြန်မာအမျိုးသမီး ယူ - ၁၈ အသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းက “ဒီပြိုင်ပွဲအတွက် နှစ်လကျော် အချိန်ယူပြီးစနစ်တကျပြင်ဆင်လေ့ကျင့်ခဲ့ပါတယ်။ ခြေစမ်းပွဲတွေကစားခွင့်မရခဲ့ပေမယ့် အကောင်းဆုံး ပြင်ဆင်ထားပြီး အသင်းအပေါ် အားရကျေနပ်မှုရှိပါတယ်။ ပွဲစဉ်တိုင်းကို အာရုံစိုက်ပြီး အကောင်းဆုံး ကစားသွားမှာပါ။ ပြိုင်ဘက် မလေးရှားအသင်းကို လေးစားမှုအပြည့်နဲ့ယှဉ်ပြိုင်သွားမှာပါ။ အဖွင့်ပွဲစဉ် ဖြစ်တဲ့အတွက် အနိုင်သုံးမှတ်ရရှိအောင် ကြိုးစားသွားမှာပါ” ဟု ဖြေကြားခဲ့သည်။ အုပ်စု(ခ) ပထမနေ့အဖြစ် ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် သြစတြေးလျအသင်းနှင့် ဖိလစ်ပိုင်အသင်း၊ မြန်မာစံတော်ချိန် ည ၇ နာရီတွင် မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ၂၀၂၂ အာဆီယံ ယူ-၁၈ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အသင်းကိုးသင်း ယှဉ်ပြိုင်နေပြီး အုပ်စု (က) တွင် ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ အုပ်စု (ခ) တွင် ဩစတြေးလျ၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် မလေးရှားအသင်းတို့ ပါဝင်နေသည်။

မြန်မာအသင်းသည် အုပ်စုအနေအထားအရ ဆီမီးဖိုင်နယ်တက်ရောက်ရန် ပွဲတိုင်းအရေးပါနေပြီး ယခုပွဲတွင်လည်း အမှတ်ပြည့် ရယူထားနိုင်ရန် လိုအပ်နေသည်။ မြန်မာအမျိုးသမီးအသင်းသည် ယခုပြိုင်ပွဲအတွက် ဧပြီနောက်ဆုံးပတ်ကတည်းက စခန်းဝင်လေ့ကျင့်ခဲ့သော်လည်း ပြိုင်ပွဲမတိုင်မီ နိုင်ငံ တကာ ခြေစမ်းပွဲကစားခဲ့ရခြင်း မရှိပေ။ ထို့ကြောင့် နိုင်ငံတကာအတွေ့အကြုံမရှိသူ အများစုပါဝင်သည့် မြန်မာအသင်းအနေဖြင့် အုပ်စုအဖွင့်ပွဲတွင် ရုန်းကန်ရနိုင်ပြီး အခွင့်အရေးများ အသုံးချနိုင်ရန် လိုအပ်နေ သည်။

ရဲရင့်လွင်