အာဆီယံ ယူ-၁၈ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်း ပွဲဦးထွက် အနိုင်ရ

ရန်ကုန်   ဇူလိုင်   ၂၆

၂၀၂၂ အာဆီယံ ယူ-၁၈ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု(ခ) ပထမနေ့ကို ဇူလိုင် ၂၅ ရက်က အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပရာ မြန်မာအသင်းက မလေးရှားအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

မြန်မာ ယူ-၁၈ အမျိုးသမီးအသင်းသည် အုပ်စု ပထမပွဲတွင် အမှားအယွင်းမရှိအမှတ်ပြည့်ရယူနိုင်ခဲ့ သည်။ မြန်မာ ယူ-၁၈ အမျိုးသမီးအသင်းသည် ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲ ကစားခဲ့ရခြင်းမရှိ သဖြင့် ယခုပွဲမှာ ပထမဆုံး နိုင်ငံတကာပွဲဖြစ်ခဲ့ပြီး အနည်းငယ်ရုန်းကန်ခဲ့ရသော်လည်း မလေးရှား အသင်းကို အနိုင်ကစားနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာ ယူ-၁၈ အမျိုးသမီးအသင်း၏ ပွဲထွက်လူစာရင်းတွင် မေဦးခင် (ဂိုး)၊ မေသက်မွန်မြင့်၊ ကြယ်စင်၊ ရွှန်းလဲ့နိုင်၊ ဖြူဖြူဝင်း၊ ဝေဖူးအိမ်၊ ဟေမာန်စိုး၊ နန်းချိုမွှေး၊ ဝေနှင်းဖြိုး၊ ယဉ်လွန်းအိမ်၊ ဇင်မိုးပြည့် တို့ဖြင့် ပွဲထွက်ခဲ့သည်။ ပထမဆုံးနိုင်ငံတကာပွဲဖြစ် သောကြောင့် မြန်မာကစားသမားအများစုမှာ ပထမ ပိုင်းတွင် ရုန်းကန်ခဲ့ရပြီး ဂိုးမသွင်းယူနိုင်ခဲ့ပေ။ မိနစ် ၆၀ တွင် မြန်မာအသင်း ဂိုးစတင်ရရှိခဲ့ပြီး ဆုမြတ်နိုး က သွင်းယူခဲ့ခြင်းဖြစ်သည်။ ဂိုးရပြီးနောက်ပိုင်းတွင် မြန်မာအသင်း ကစားပုံပိုကောင်းလာပြီး အနိုင်သေချာစေမည့် ဒုတိယဂိုးကို ၈၂ မိနစ်တွင် မေသက်မွန်မြင့်က သွင်းယူပေးခဲ့သည်။

အုပ်စု (ခ) အခြားပွဲတွင် သြစတြေးလျအသင်းက ဖိလစ်ပိုင်အသင်းကို လေးဂိုးပြတ် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် ဇူလိုင် ၂၇ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် ကစားရမည်ဖြစ် သည်။

သတင်း-ကိုညီလေး၊ ဓာတ်ပုံ-FAM