အာဆီယံ ယူ-၁၈ ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲတွင် မြန်မာနှင့် အင်ဒိုနီးရှားအသင်း သရေကျ

နေပြည်တော်  ၁၄ သြဂုတ်

၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲ အုပ်စု(က) နောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ မြန်မာနှင့် အင်ဒိုနီးရှား အသင်းတို့ တစ်ဂိုးစီ သရေကျခဲ့သည်။

အုပ်စုပထမနေရာအတွက် အရေးပါသည့်ပွဲတွင် သရေကျခဲ့သောကြောင့် မြန်မာအသင်းသည် အင်ဒိုနီးရှား အသင်းထက် ဂိုးကွာခြားချက်နည်းပြီး အုပ်စု ဒုတိယနေရာသာ ရယူနိုင်ခဲ့သည်။

မြန်မာအသင်းသည် အင်ဒိုနီးရှားကို အပြန်အလှန်ကစားနိုင်ပြီး ဦးဆောင်ဂိုးကို မထိန်းနိုင်၍ အမှတ်ခွဲပေးခဲ့ရခြင်းဖြစ်သည်။ ယင်းနှစ်သင်းစလုံးသည် ယခုပွဲ မတိုင်မီကတည်းက ဆီမီးဖိုင်နယ် တက်ရောက်ပြီး ဖြစ်သော်လည်း အုပ်စု ပထမနေရာအတွက် ယှဉ်ပြိုင်ကစားခြင်း ဖြစ်သည်။

မြန်မာအသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး တိုက်စစ်တွင် ဟိန်းထက်အောင်၊ လမင်းထွေး တို့ကို အသုံးပြုခဲ့သည်။ ပထမပိုင်းခြေစွမ်းအရ ကွာခြားမှုမရှိသလို ဂိုးသွင်းခွင့်များလည်း အပြန်အလှန်ရခဲ့ပြီး အသုံးမချ နိုင်ခဲ့သောကြောင့် ပထမပိုင်းအပြီးတွင် ဂိုးမရှိသရေကျနေသည်။

အင်ဒိုနီးရှားအသင်းသည် ဂိုးရနိုင်သည့် အပိုင်အခွင့်အရေးများပိုရသော်လည်း အသုံးမချနိုင်၍ နစ်နာခဲ့ရသည်။ ဒုတိယပိုင်းတွင် မြန်မာအသင်း တိုက်စစ်မြင့်လာပြီး ၅၃ မိနစ်တွင် ဟိန်းထက်အောင်က ဂိုးစတင်သွင်းယူခဲ့သည်။ 

ဂိုးပေးလိုက်ရပြီး နောက်ပိုင်းတွင် အင်ဒိုနီးရှားအသင်းက ချေပဂိုးရရန် တောက်လျှောက်ကြိုးပမ်းလာပြီး မိနစ် ၇၀ တွင် ရာမန်ဒါနီက ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းကာ ချေပဂိုး သွင်းယူခဲ့သည်။

အုပ်စု (က) ပွဲစဉ်များအပြီးတွင် အင်ဒိုနီးရှားနှင့် မြန်မာအသင်းတို့ လေးပွဲနိုင်၊ တစ်ပွဲသရေဖြင့် ၁၃ မှတ်စီ တူညီနေသော်လည်း ဂိုးကွာခြားချက် အသာဖြင့် အင်ဒိုနီးရှားအသင်းက အုပ်စုပထမ၊ မြန်မာအသင်းက အုပ်စုဒုတိယ နေရာရရှိခဲ့သည်။

အုပ်စု (ခ) တွင် သြဂုတ် ၁၃ ရက် ပွဲစဉ်များအပြီးထိ ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရရန် ကိုးမှတ်စီရထားသည့် မလေးရှားနှင့် သြစတြေးလျ၊ ခုနစ်မှတ်ရထားသည့် ဗီယက်နမ်အသင်းတို့ မျှော်လင့်ချက်ရှိနေပြီး နောက်ဆုံးပွဲများမှာ အဆုံးအဖြတ် ဖြစ်နေသည်။

နာမည်ကြီး ထိုင်းအသင်းအပါအဝင် ကမ္ဘောဒီးယား၊ စင်ကာပူတို့မှာ တစ်ပွဲကစားရန် ကျန်သေးသော်လည်း အုပ်စုမှ ထွက်ခဲ့ရပြီ ဖြစ်သည်။ အုပ်စု (ခ) နောက်ဆုံးနေ့ကို သြဂုတ် ၁၅ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်တွင် တွေ့ဆုံမည့် အသင်းများမှာ အုပ်စုပွဲပြီးမှ ထွက်ပေါ်မည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-MFF