အာဆီယံ ယူ-၁၈ ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် မြန်မာနှင့် သြစတြေးလျအသင်း တွေ့ဆုံ

ရန်ကုန် ၁၅ သြဂုတ်

ဗီယက်နမ်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲ အုပ်စုပွဲစဉ်များမှာ သြဂုတ် ၁၅ ရက်က ပြီးဆုံးသွားပြီး ဆီမီးဖိုင်နယ်တွင် မြန်မာနှင့် သြစတြေးလျအသင်းတို့ တွေ့ဆုံခဲ့သည်။

အုပ်စုနောက်ဆုံးပွဲများကို သြဂုတ် ၁၄၊ ၁၅ ရက်က ကျင်းပခဲ့ပြီး အုပ်စု (က) တွင် အင်ဒိုနီးရှားအသင်းက ၁၃ မှတ်ဖြင့် အုပ်စုပထမ၊ မြန်မာအသင်းက ၁၃ မှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု (ခ) တွင် သြစတြေးလျအသင်းက ၁၂ မှတ်ဖြင့် အုပ်စုပထမ၊ မလေးရှားအသင်းက ကိုးမှတ်ဖြင့် အုပ်စုဒုတိယရရှိခဲ့သည်။ မြန်မာအသင်းသည် အင်ဒိုနီးရှားနှင့် အမှတ်တူသော်လည်း ဂိုးကွာခြားချက်ကြောင့် အုပ်စုဒုတိယနေရာသာရခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိဘဲ တက်ရောက်လာခြင်းဖြစ်ပြီး သြစတြေးလျနှင့် တွေ့ဆုံနေသောကြောင့် အားကုန်ထုတ်ကစားရဖွယ်ရှိနေသည်။ အုပ်စု (ခ) တွင် အသင်းကြီးအများစု ပါဝင်ခဲ့သောကြောင့် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး အိမ်ရှင်ဗီယက်နမ်နှင့် နာမည်ကြီးထိုင်းအသင်းတို့ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များကို သြဂုတ် ၁၇ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနှင့် သြစတြေးလျ၊ အင်ဒိုနီးရှားနှင့် မလေးရှားအသင်းတို့ တွေ့ဆုံနေသည်။

ရဲရင့်ရှိုင်း