ရန်ကုန်      ဇွန်      ၁၈

၂၀၂၅ အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ တတိယလုပွဲကို ဇွန် ၁၈ ရက်က  ဗီယက်နမ် နိုင်ငံ၌ကျင်းပရာ  မြန်မာအသင်း  ပင်နယ်တီအဆုံးအဖြတ်တွင် အရေးနိမ့်ခဲ့သည်။            

မြန်မာအသင်းသည် ဆီမီးဖိုင်နယ်တွင် ထိုင်းကို ဂိုးပြတ်အရေးနိမ့်ပြီး ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သည့် အပြင် တတိယလုပွဲတွင်လည်း   အင်ဒိုနီးရှားကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အရေးနိမ့်ပြီး တတိယ ဆုနှင့်ပါ လွဲချော်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းသည် သာမန်ပွဲကစားချိန် မိနစ် ၉၀ တွင် ဂိုးမရှိသရေကျနေရာ အချိန်ပိုမကစားဘဲ ပင်နယ်တီဖြင့် တိုက်ရိုက်ဆုံးဖြတ်ရာ အင်ဒိုနီးရှား အသင်းက ခြောက်ဂိုး-ငါးဂိုးဖြင့်    အနိုင်ရခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် မတူညီသည့် ပွဲထွက်လူစာရင်းဖြင့်   ယှဉ်ပြိုင်ခဲ့ပြီး  လှလှထွေး (ဂိုး)၊ မင်းမင်းနု၊ သီရိနန္ဒာစိုး၊ ယုယုနိုင်၊ နိုင်နိုင်ဝင်း၊ ဝင်းစန္ဒာ၊ စုစုခင်၊  ယဉ်လွန်းအိမ်၊  စန္ဒာလင်း၊ ဒေစီအောင်၊ အေးအေးစိုးတို့ကို အသုံးပြုခဲ့သည်။ နှစ်သင်းစလုံး ဂိုးရနိုင်သည့်အခွင့်အရေးများရသော်လည်း အသုံးမချနိုင်သဖြင့် ဂိုးမရဘဲ ပင်နယ်တီဖြင့် ဆုံးဖြတ်ခဲ့ရ ခြင်းဖြစ်သည်။

မြန်မာအသင်းသည် အာဆီယံ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ လေးကြိမ်တွင် တတိယနှစ်ကြိမ်၊ စတုတ္ထ နှစ်ကြိမ် ရရှိခဲ့သည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-MFF