ရန်ကုန် ဇွန် ၁၆

အာဆီယံ   ယူ-၁၉  အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့တွင်  ဗီယက်နမ် နိုင်ငံ၌ ဆက်လက်ကျင်းပရာ   မြန်မာအသင်း ဂိုးပြတ်အရေးနိမ့်ပြီး ဗိုလ်လုပွဲနှင့် လွဲချော် ခဲ့သည်။

ဆီမီးဖိုင်နယ်ပွဲများတွင် လက်ရှိချန်ပီယံ ထိုင်းအသင်းက မြန်မာအသင်းကို ငါးဂိုး-တစ်ဂိုး၊ အိမ်ရှင် ဗီယက်နမ်အသင်းက အင်ဒိုနီးရှားအသင်းကို လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ မြန်မာအသင်းသည် ဗိုလ်လုပွဲတက်ရောက်နိုင်ရေးကြိုးပမ်းသော်လည်း ထိုင်းအသင်းအား အနိုင်မရသေးသည့် အစဉ်အလာဆိုးကို   ရပ်တန့်နိုင်ခြင်းမရှိဘဲ ထပ်မံအရှုံးပေးခဲ့ရသည်။

မြန်မာအသင်းသည် အမာခံကစားသမား  အစုံအလင်ဖြင့်ပွဲထွက်လာပြီး ထိုင်းအသင်းကို ရင်ဆိုင် ခဲ့သည်။ ပထမပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းနေသဖြင့် နှစ်သင်းစလုံး ခက်ခက်ခဲခဲကစားရသော် လည်း ထိုင်းအသင်းက လေးဂိုးအထိသွင်းယူနိုင်သဖြင့်  ပွဲကိုဦးဆောင်နိုင်ခဲ့သည်။  ထိုင်းအသင်း အတွက် ဂိုးများကို ၁၂၊ ၁၇၊ ၃၄၊ ၄၁၊ ၆၈ မိနစ်တွင် သွင်းယူပြီး မြန်မာအသင်းအတွက် ချေပဂိုးတစ်ဂိုး ကို ၈၉ မိနစ်တွင် စုစုခင်က သွင်းယူခဲ့သည်။

ဇွန် ၁၈ ရက်တွင် တတိယလုပွဲအဖြစ် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်း၊ ဗိုလ်လုပွဲအဖြစ် လက်ရှိချန်ပီယံ ထိုင်းအသင်းနှင့် အိမ်ရှင် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ကိုညီလေး