အာဆီယံ ယူ-၂၂ ပြိုင်ပွဲ အဖွင့်ပွဲအဖြစ် မြန်မာနှင့် အင်ဒိုနီးရှားအသင်း မနက်ဖြန်ကစားမည်

၁၇ ဖေဖော်ဝါရီ

 

ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၂၀၁၉ အာဆီယံ ယူ-၂၂ ပြိုင်ပွဲ အုပ်စု (ခ) ပထမနေ့ကို ဖေဖော်ဝါရီ ၁၈ ရက်တွင်  ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အဖွင့်ပွဲအဖြစ် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

အုပ်စု (ခ) ပထမနေ့အဖြစ် ယနေ့မြန်မာစံတော်ချိန် ညနေ ၃ နာရီတွင် မြန်မာနှင့် အင်ဒိုနီးရှား၊ ညနေ ၆ နာရီတွင် အိမ်ရှင်ကမ္ဘောဒီးယားနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုကျပ်အတွင်း ကျရောက်နေသောကြောင့် နောက်တစ်ဆင့်တက်ရောက်နိုင်ရန် ပွဲတိုင်းမှာ အရေးပါနေပြီး ရလဒ်ကောင်းရယူနိုင်ရန် လိုအပ်နေသည်။ မြန်မာအသင်းအနေဖြင့် နည်းပြသစ် ပိုပေါ့ဗ်နှင့် ပြင်ဆင်ချိန် နှစ်ပတ်နီးပါးသာရရှိထားသောကြောင့် ကစားသမားများနှင့် ကစားကွက် အံဝင်မှုရှိ၊ မရှိက အရေးပါနေသည်။ မြန်မာအသင်းသည် ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲကစားထားခြင်းမရှိဘဲ ပြည်တွင်းခြေစမ်းပွဲတစ်ပွဲသာ ယှဉ်ပြိုင်ကစားထားသည်။ မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်က ''အကောင်းဆုံးအနေအထားရရှိအောင် လေ့ကျင့်ပြင်ဆင်ထားပါတယ်။ ပြင်ဆင်ချိန် နှစ်ပတ်နီးပါးရပြီး လိုချင်တဲ့ အနေအထားတစ်ခုရအောင် လုပ်ဆောင်ထားပါတယ်။ အုပ်စုအနေအထားကတော့ အားလုံးသိထားတဲ့အတိုင်း အုပ်စုကျပ်ပါ။ အသင်းတွေအားလုံးက တောင့်တင်းသလို အိမ်ရှင်အသင်းလည်း ပါဝင်နေပါတယ်။ ပွဲတိုင်းကို အာရုံစိုက်ပြီး ကစားမှာပါ။ ဒီပြိုင်ပွဲက လာမယ့်မတ်လမှာ ကစားမယ့် အာရှ ယူ-၂၃ ခြေစစ်ပွဲအတွက် အကြိုပြင်ဆင်မှုလည်းဖြစ်ပါတယ်''ဟု ပြောကြားသည်။ 

 

ယင်းပြိုင်ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပနေပြီး အုပ်စု (က) တွင် ဗီယက်နမ်၊ ထိုင်း၊ တီမော၊ ဖိလစ်ပိုင်၊ အုပ်စု (ခ) တွင် မလေးရှား၊ မြန်မာ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားအသင်းတို့ ပါဝင်နေသည်။ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၆ ရက်အထိ ကျင်းပလျက်ရှိသည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်