ရန်ကုန် ၁၉ ဖေဖော်ဝါရီ
ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၂၀၁၉ အာဆီယံ ယူ-၂၂ ပြိုင်ပွဲ အုပ်စု (ခ)ဒုတိယနေ့ကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အိမ်ရှင် ကမ္ဘောဒီးယားအသင်းနှင့် တွေ့ဆုံလျက်ရှိသည်။
ဒုတိယနေ့အဖြစ် မြန်မာစံတော်ချိန် ညနေ ၃ နာရီတွင် မလေးရှားနှင့် အင်ဒိုနီးရှား၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် မြန်မာနှင့် ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
အိမ်ရှင်ကမ္ဘောဒီးယား အသင်းသည် ပထမပွဲတွင် မလေးရှားအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရထားရာ မြန်မာအသင်းအနေဖြင့် ခက်ခက်ခဲခဲ ကစားရဖွယ်ရှိနေသည်။
မြန်မာအသင်းအနေဖြင့် ပထမပွဲတွင် အင်ဒိုနီးရှားနှင့် တစ်ဂိုးစီသရေကျပြီး ခြေစွမ်းမှာလည်း အကောင်းဆုံး အနေအထား မရှိသေးရာ ပထမဆုံးနိုင်ပွဲရယူနိုင်ရန် အပြောင်းအလဲများ ပြုလုပ်ရမည်ဖြစ်သည်။
မြန်မာအသင်းအနေဖြင့် ဆီမီးဖိုင်နယ်တက်ရောက်ခွင့် မျှော်လင့်ချက်အတွက် ယနေ့ပွဲတွင် ရလဒ်ကောင်းရယူနိုင်ရန် လိုအပ်နေသည်။
မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်က “ကမ္ဘောဒီးယားနဲ့ပွဲအတွက် သေချာပြင်ဆင်သွားမှာပါ။ ကမ္ဘောဒီးယားအသင်းက အိမ်ရှင်အသင်းဖြစ်တဲ့အပြင် ပြိုင်ဘက်တိုင်းကို အလေးထားပြီး ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ အဖွင့်ပွဲမှာ အင်ဒိုနီးရှားနဲ့ သရေကျခဲ့ပေမယ့် ရလဒ်ပိုင်းကို ကျေနပ်ပါတယ်” ဟု အင်ဒိုနီးရှားနှင့် ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အုပ်စု (ခ)တွင် ကမ္ဘောဒီးယားက သုံးမှတ်၊ မြန်မာနှင့် အင်ဒိုနီးရှားအသင်းက တစ်မှတ်စီရထားပြီး မလေးရှားအသင်းမှာမူ ရှုံးပွဲကြုံတွေ့ထားသောကြောင့် အမှတ်မရသေးပေ။
ရဲရင့်ရှိုင်း