ရန်ကုန် နိုဝင်ဘာ ၃၀
မြန်မာ ယူ-၂၂ အသင်းသည် လာမည့်နှစ်တွင် ယှဉ်ပြိုင်ရမည့် ၂၀၂ အာဆီယံ ယူ-၂၂ ပြိုင်ပွဲနှင့် (၃၁) ကြိမ်မြောက် ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲအတွက် ဇန်နဝါရီလဆန်းတွင် စတင်လေ့ကျင့်ပြင်ဆင်သွားမည် ဖြစ်သည်။
မြန်မာအသင်း ယှဉ်ပြိုင်မည့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မေလလယ်တွင် ဗီယက်နမ်နိုင်ငံတို့၌ ကျင်းပသွားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည့် ၃၁ ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲအတွက် ကြိုတင် ပြင်ဆင်သည့်အနေဖြင့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ သုံးလဝန်းကျင်အလိုတွင် ကျင်းပသည့် ယင်းပြိုင်ပွဲ၌ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး အရှေ့တောင်အာရှ အသင်းအားလုံးနီးပါး ပါဝင်ယှဉ်ပြိုင်ဖွယ်ရှိသဖြင့် အကျိုးရှိမည့် ပြိုင်ပွဲလည်းဖြစ်သည်။ မြန်မာယူ-၂၂ အသင်းသည် အာဆီယံ ယူ-၂၂ ပြိုင်ပွဲယှဉ်ပြိုင်ပြီးပါက ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲအတွက် ဆက်လက်ပြင်ဆင်သွားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းကို နည်းပြချုပ် အဖြစ် ဘူဂေးရီးယားနိုင်ငံသား ပိုပေါ့ဗ်က ဆက်လက်ကိုင်တွယ်မည်ဖြစ်သည်။
အာဆီယံ ယူ-၂၂ ပြိုင်ပွဲကို သုံးကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ၂၀၀၅ ခုနှစ်က ကျင်းပသည့် ပထမအကြိမ်တွင် ထိုင်း အသင်း၊ ၂၀၁၉ ခုနှစ်က ကျင်းပသည့် ဒုတိယအကြိမ်တွင် အင်ဒိုနီးရှားအသင်းတို့ ဗိုလ်စွဲထားသည်။ ဗီယက်နမ်ဆီးဂိမ်း ပြိုင်ပွဲမှာမူ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လာမည့်နှစ်သို့ ရွှေ့ဆိုင်း ထားရခြင်းဖြစ်သည်။
ရဲရင့်လွင်