နေပြည်တော် ၅ ဩဂုတ်

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ယနေ့နံနက် ၇ နာရီခွဲတွင် ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် Virtual Meeting ဖြင့် လက်ခံကျင်းပသည့် အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးသို့ နေပြည်တော်မှ ပါဝင်တက်ရောက်သည်။

 

အစည်းအဝေးတွင် အာဆီယံ+၃ နိုင်ငံများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ချင်းမိုင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်မှုအစီအစဉ် (Chiang Mai Initiative Multilateralisation - CMIM) တွင် နိုင်ငံစုံပါဝင်လာရေး လုပ်ငန်းအစီအစဉ်အရ Technical Guidance (TG) for Conditionality Framework (ILP) ဆိုင်ရာ ကိစ္စရပ်များ၊ Revision of the CMIM Agreement ဆိုင်ရာကိစ္စရပ်များ၊ အာဆီယံ+၃ မက်ခရို စီးပွားရေးသုတေသနရုံး (ASEAN+3 Macroeconomic Research Office - AMRO) ၏ ၂၀၂၁ ခုနှစ် ဘဏ္ဍာငွေ အရအသုံးစာရင်းနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များ၊ AMRO ၏ လုပ်ငန်းဆောင်ရွက်မှုအပေါ် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အာရှငွေချေး စာချုပ်ဖွံ့ဖြိုးမှုအစီအစဉ် (Asian Bond Markets Initiative – ABMI) ၏ လုပ်ငန်းဆောင်ရွက်မှု တိုးတက်မှုအခြေအနေများ၊ ကိုဗစ်-၁၉ ကပ်ရောဂါအတွက် တုံ့ပြန်ဆောင်ရွက်မည့် အာဆီယံ+၃ နိုင်ငံများ၏ မူဝါဒရေးရာချမှတ်မှု၊  အကောင်အထည်ဖော်မှု၊ ဘဏ္ဍာငွေသုံးစွဲမှု လုပ်ငန်းစဉ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

အာဆီယံ+၃ ဘဏ္ဍာရေး အစည်းအဝေးများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အပေါင်းသုံး နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံများတွင် အိမ်ရှင်အဖြစ် အလှည့်ကျ ကျင်းပလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်အတွက် အိမ်ရှင်အဖြစ် အာဆီယံနိုင်ငံများဖက်မှ ဗီယက်နမ်နိုင်ငံနှင့် အပေါင်းသုံးနိုင်ငံများဖက်မှ ဂျပန်နိုင်ငံတို့က Co-Chairs များအဖြစ် လက်ခံကျင်းပလျက်ရှိရာ လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုအခြေအနေများကြောင့် အဆိုပါ အစည်းအဝေးများအား Virtual Meeting ပုံစံဖြင့် ကျင်းပဆောင်ရွက်လျက်ရှိသည်။

 

ယခုကျင်းပသည့် အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးမှ ဆွေးနွေးဆုံးဖြတ်ချက်များကို စက်တင်ဘာလတွင်ကျင်းပမည့် အာဆီယံ+ ၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို့ ဆက်လက်တင်ပြ ဆောင်ရွက်မည်ဖြစ်သည်။

 

အစည်းအဝေးသို့ အာဆီယံ+၃ နိုင်ငံများမှ ဘဏ္ဍာရေး ဒုတိယဝန်ကြီးများနှင့် ဗဟိုဘဏ် ဒုတိယဉက္ကဋ္ဌများ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ AMRO နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn