နေပြည်တော် မေ ၂၅ 

အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (ASEAN Intergovernmental Commission on Human Rights- AICHR) နှင့် အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum – SEANF) တို့အကြား တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ Hybrid Format ဖြင့်ကျင်းပသည်။

ဆွေးနွေးပွဲသို့ ဖိုရမ်အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ဥက္ကဋ္ဌ ဦးလှမြင့်၊ အဖွဲ့ဝင် ဦးပေါ်လွင်စိန်နှင့် ဒေါက်တာတင်မောင်မောင်သန်း၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းနှင့် ညွှန်ကြားရေးမှူး ဦးဇေယျာလင်းတို့က Virtual Online System ဖြင့် တက်ရောက်ခဲ့ကြကာ AICHR မှ ကိုယ်စားလှယ်များနှင့် တီမောလက်စ်တေနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ် အဖွဲ့က in-person တက်ရောက်သည်။

ဆွေးနွေးပွဲ၌ အင်ဒိုနီးရှားနိုင်ငံ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR Indonesia) နှင့် SEANF အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်တို့က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ AICHR Indonesia က ၂၀၂၃ ခုနှစ်အတွင်း AICHR ၏ ဆောင်ရွက်ချက်များနှင့် ဦးစားပေးကိစ္စရပ်များကို လည်းကောင်း၊ ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌက ဖိုရမ်၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် တိုးတက် ဖြစ်ထွန်းမှုများကိုလည်းကောင်း ဆွေးနွေးသည်။

ထို့နောက် AICHR-SEANF ပူးပေါင်းဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြရာ မလေးရှား၊ တီမောလက်စ်တေ၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံ လူ့အခွင့်အရေးကော်မရှင်တို့မှ ကိုယ်စားလှယ်များက Torture Prevention အကောင်အထည်ဖော်ရေးကိစ္စရပ်များ၊ စီးပွားရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာကိစ္စရပ်များနှင့် သက်ကြီးရွယ်အိုအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။ 

ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌက ဆွေးနွေးရာတွင် မလေးရှားနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က တင်ပြသည့် AICHR-SEANF တို့အကြား ရှေ့ဆက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များတွင် ဆောင်ရွက်နိုင်သည်များကို မိမိတို့ကော်မရှင်က ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြံပြုဆွေးနွေးသည်။ ထို့နောက် AICHR Indonesia နှင့် SEANF ဥက္ကဋ္ဌတို့က နိဂုံးချုပ်စကား ပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။

သတင်းစဉ်