အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း ဗီယက်နမ်၊ တီမော၊ ကမ္ဘောဒီးယား၊ လာအိုတို့နှင့် တစ်အုပ်စုတည်း ကျရောက်

ရန်ကုန်   မေ   ၃၁

အာဆီယံ ဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ပြီးခဲ့ သည့်ရက်ပိုင်းက ပြုလုပ်ခဲ့ရာ မြန်မာအသင်းသည် ဗီယက်နမ်၊ တီမော၊ ကမ္ဘောဒီးယား၊ လာအိုတို့ နှင့်တစ်အုပ်စုတည်း ကျရောက်ခဲ့သည်။

ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ဇူလိုင် ၄ ရက်မှ ၁၇ ရက်အထိ ပြုလုပ်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အာဆီယံဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင် ၁၁ နိုင်ငံ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ပြိုင်ပွဲဝင်အသင်း အရေအတွက်အများဆုံးလည်း ဖြစ်ခဲ့သည်။ အုပ်စုမဲခွဲမှုအရ အုပ်စု (က) တွင် ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ သြစတြေးလျ၊ မလေးရှား၊ အုပ်စု (ခ) တွင် လက်ရှိချန်ပီယံ ဗီယက်နမ်၊ မြန်မာ၊ တီမော၊ ကမ္ဘောဒီးယားနှင့် လာအို အသင်းတို့ ပါဝင်နေသည်။ အာဆီယံ အမျိုးသမီးဘောလုံး ပြိုင်ပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် ကျင်းပနိုင်ခြင်းမရှိဘဲ ယခုနှစ်မှသာ ပြန်လည်ပြုလုပ်နိုင်ခြင်းဖြစ်သည်။ မြန်မာ အသင်းသည် အုပ်စုအနေအထားအရ ဆီမီးဖိုင်နယ် တက်ရောက်နိုင်ရန် အခက်အခဲမရှိသော်လည်း ဆီမီးဖိုင်နယ်တွင်မူ ထိုင်း၊ ဩစတြေးလျ၊ ဖိလစ်ပိုင်တို့အနက် တစ်သင်းသင်းနှင့် တွေ့ဆုံဖွယ်ရှိနေသည်။

မြန်မာအသင်းသည် မေလတွင် ယှဉ်ပြိုင်ခဲ့သည့် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲအပြီးတွင် လေ့ကျင့်မှုရပ်နား ထားပြီး အာဆီယံအမျိုး သမီးပြိုင်ပွဲအတွက် မကြာမီ လေ့ကျင့်ပြင်ဆင်သွားမည်ဖြစ်သည်။

မြန်မာအသင်းသည် ၂၀၀၄ နှင့် ၂၀၀၇ ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် အောင်မြင်မှုမရဘဲ အမြင့်ဆုံး ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။ အာဆီယံအမျိုးသမီးပြိုင်ပွဲကို ၂၀၀၄ ခုနှစ်တွင် စတင်ကျင်းပခဲ့သော်လည်း နှစ်စဉ်မကျင်းပနိုင်သဖြင့် ယခုနှစ်တွင် (၁၂) ကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။

ကျင်းပပြီးစီးခဲ့သည့် (၁၁) ကြိမ်တွင် ထိုင်းအသင်းက လေးကြိမ်၊ ဗီယက်နမ်အသင်းက သုံးကြိမ်၊ မြန်မာအသင်းက နှစ်ကြိမ်၊ ဂျပန်နှင့် သြစတြေးလျတို့က တစ်ကြိမ်စီ ဗိုလ်စွဲထားသည်။ ယင်းပြိုင်ပွဲတွင် ယခင်ကပြိုင်ပွဲဝင် အသင်းအရေအတွက် နည်းပါးသဖြင့် အရှေ့တောင်အာရှပြင်ပမှ အသင်းများကို ဖိတ်ခေါ်ကာ ယှဉ်ပြိုင်စေခဲ့သည်။

ရဲရင့်လွင်