နေပြည်တော် ၂ အောက်တိုဘာ

 

(၃၅)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး ဒုတိယမြောက်နေ့ကို ယနေ့နံနက် ၉ နာရီတွင် ဆက်လက်ကျင်းပရာ အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ (ACDM)၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်ကလည်းကောင်း၊ ပူးတွဲဥက္ကဋ္ဌအဖြစ် Mr. Kistoffer James E. Purisima, Assistant Secretary ၊ Deputy Administrator for Administration, Philippines တို့က လည်းကောင်း ဆောင်ရွက်ကြသည်။

 

အစည်းအဝေးနံနက်ပိုင်းတွင် အာဆီယံအပေါင်း(၃) နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် အာဆီယံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ၊ အာဆီယံအပေါင်း(၁)အဖြစ် ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်များနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဆိုင်ရာ အာဆီယံ-ဂျပန် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ UNDP နှင့် Swiss Agency for Development and Cooperation- SDC အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဒေသတွင်း မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

မွန်းလွဲပိုင်းတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (AHA Centre)၏ အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးကို ကျင်းပရာ AHA Centre ၊ အမှုဆောင်ညွှန်ကြားရေးမှူး Ms. Adelina Kamal က AHA Centre ကဆောင်ရွက်လျက်ရှိသည့် ဒေသတွင်းနိုင်ငံများရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့် သင်တန်းများ၊ အရေးပေါ်ထောက်ပံ့ကူညီမှုလုပ်ငန်းများ၊ သတင်းအချက်အလက်စီမံခန့်ခွဲမှုနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ပြီး AHA Centre အုပ်ချုပ်မှုအဖွဲ့ဝင်ဖြစ်သည့် အာဆီယံနိုင်ငံများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်