မန္တလေး ဇွန် ၁၁
အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ် -၃/၂၀၂၄ အရ ကိုရီးယားသမ္မတ နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ လှူဒါန်းသည့် ဆန် ၁၅၇၅ တန်ကို စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ APTERR အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် ကိုရီးယားသမ္မတနိုင်ငံသံရုံးတို့မှ ကိုယ်စားလှယ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများနှင့် ငလျင်ဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသူရစိုးက APTERR အစီအစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ ထိုင်းနိုင်ငံ APTERR အတွင်းရေးမှူးချုပ်ရုံးမှ Greneral Manager Dr. Choomjet Karnjanakesorn ၊ မြန်မာနိုင်ငံဆိုင်ရာကိုရီးယားသမ္မတနိုင်ငံသံရုံးကိုယ်စားလှယ် Ms. Kim Weolsoon နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးအတိုင်ပင်ခံ Mr. Ouyang Daobing တို့က လှူဒါန်းမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် APTERR အစီအစဉ်-၃/၂၀၂၄အရ လှူဒါန်းသည့် ဆန်များကို လူမှုရေးရာဝန်ကြီးထံသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်ကလွှဲပြောင်း ပေးအပ်ပြီး ထိုင်းနိုင်ငံ APTERR အတွင်းရေးမှူးချုပ်ရုံးမှ Greneral Manager Dr.Choomjet Karnjanakesorn ၊ မြန်မာနိုင်ငံကိုရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးတို့မှ ကိုယ်စားလှယ်များက ငလျင်ဘေးသင့်ပြည်သူများထံ ဆန်အိတ်များ လွှဲပြောင်းပေးအပ်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက အလှူရှင်များထံ ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ခဲ့ကြောင်းနှင့် ငလျင်ဘေးသင့်ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်