နေပြည်တော် ဒီဇင်ဘာ ၁၈
အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာအစီအစဉ် Asean Plus Three Emergency Rice Reserve (APTERR) လုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့ (Program Management Team -PMT)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် လုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဆွေလင်း အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက APTERR အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်မှု၊ တာဝန်ရှိသူများနှင့် အွန်လိုင်းဖြင့် တက်ရောက်ကြသည့် တိုင်းဒေသကြီး/ပြည်နယ် ကိုယ်စားလှယ်များက APTERR အစီအစဉ်-၃(၂၀၂၃)ဖြင့် ဆန်ရိက္ခာဖြန့်ဖြူးလှူဒါန်းမှုနှင့် APTERR အစီအစဉ်-၃(၂၀၂၄)ဖြင့် လှူဒါန်းမည့် အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
APTERR အစီအစဉ်ကို အရေးပေါ်သတ်မှတ်ချက်အဆင့်-၁ သတ်မှတ်ဆန်အား စီးပွားရေးနည်းလမ်းဖြင့် ဖြန့်ဝေခြင်း၊ အရေးပေါ်သတ်မှတ်ချက်အဆင့်-၂ သတ်မှတ်ဆန်အား ကာလရှည်ချေးငွေ အကူအညီဖြင့် ဖြန့်ဝေခြင်း၊ အရေးပေါ် သတ်မှတ်ချက်အဆင့်-၃ သိုလှောင်ဆန်အား အကူအညီဖြင့် ဖြန့်ဝေခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။
APTERR Tier-3 အစီအစဉ်-၃(၂၀၂၄)ဖြင့် ကိုရီးယားသမ္မတနိုင်ငံမှ ဆန်တန်ချိန် (၃,၀၀၀)နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ငွေသားထောက်ပံ့မှုဖြင့် ဆန်တန်ချိန် (၅၀၀)တို့ကို လက်ခံသိုလှောင် ဖြန့်ဖြူးခွင့်ရရှိမည်ဖြစ်ပြီး အဆိုပါအရန်ဆန်များကို ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရပါက ဘေးသင့်ပြည်သူများထံ APTERR ၏ အရန်ဆန်ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြန့်ဖြူးလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


