နေပြည်တော် ၁၈ ဇွန်
ကွာလာလမ်ပူ ပို့ဆောင်ရေး လုပ်ငန်းစီမံကိန်း နှစ်လယ်အစီရင်ခံစာနှင့် စပ်လျဉ်းသည့် ပထမအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေး၊ (၄၉)ကြိမ်မြောက် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် အာဆီယံ-တရုတ် ပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီး အစည်းအဝေးများကို ဇွန် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ Video Conferencing ဖြင့် ကျင်းပသည်။
အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင် (၁၀)နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ပို့ဆောင်ရေး အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးဝင်းခန့်နှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဉီးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဉီးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဉီးစီးဌာန၊ လမ်းဉီးစီးဌာနနှင့် မြန်မာ့မီးရထားတို့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးပထမနေ့တွင် ကွာလာလမ်ပူ ပို့ဆောင်ရေးလုပ်ငန်းစီမံကိန်းပါ လေကြောင်း၊ ရေကြောင်း၊ ကုန်းလမ်း၊ ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ လုပ်ငန်းစဉ်များ၏ နိုင်ငံအလိုက်နှင့် ဒေသတွင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဆွေးနွေးသုံးသပ်ခဲ့ကြသည်။
(၄၉)ကြိမ်မြောက် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင် အာဆီယံ၏တစ်ခုတည်းသော လေကြောင်းနှင့် ရေကြောင်းစျေးကွက်ဖော်ဆောင်မှု၊ စင်ကာပူ-ကူမင်း ရထားလမ်းစီမံကိန်းနှင့် အာဆီယံအဝေးပြေးလမ်းကွန်ယက် အပါအဝင် ကုန်းလမ်းပို့ဆောင်ရေး လုပ်ငန်းစဉ်များ၊ အာဆီယံပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး သဘောတူညီချက်များကို အကောင်အထည်ဖော်နိုင်မှုများ၊ အာဆီယံ၏ ဆွေးနွေးဘက်နိုင်ငံများနှင့် ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုများ၊ ကိုဗစ်-၁၉ ရောဂါတုံ့ပြန်ရေးနှင့် ကိုဗစ်-၁၉ အလွန်ကာလများအတွက် ပို့ဆောင်ရေးကဏ္ဍမှ ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ဆွေးနွေးသုံးသပ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် အာဆီယံ-တရုတ် ပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ပြီး ကိုဗစ်-၁၉ တုံ့ပြန်ရေးနှင့်စပ်လျဉ်း၍ အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


