အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ထိပ်သီးအဆင့် အစည်းအဝေးတွေမှာ ချန်လှပ်ထားဖို့ ဆုံးဖြတ်လုပ်ဆောင်တဲ့ အာဆီယံနိုင်ငံအချို့ရဲ့ အဆင်အခြင်မဲ့လုပ်ရပ်တွေဟာ အာဆီယံရဲ့ထိရောက်မှုနဲ့ ပုံမှန်လုပ်ငန်းလည်ပတ်မှုတွေကို ဆိုးရွားစွာ အကျိုးသက်ရောက်စေပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ထိပ်သီးအဆင့် အစည်းအဝေးတွေမှာ ချန်လှပ်ထားဖို့ ဆုံးဖြတ်လုပ်ဆောင်တဲ့ အာဆီယံနိုင်ငံအချို့ရဲ့ အဆင်အခြင်မဲ့လုပ်ရပ်တွေဟာ အာဆီယံရဲ့ထိရောက်မှုနဲ့ ပုံမှန်လုပ်ငန်းလည်ပတ်မှုတွေကို ဆိုးရွားစွာ အကျိုးသက်ရောက်စေပါတယ်။

 

မေး ။ သင့်အနေနဲ့ အာဆီယံမှာ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍကို မည်ကဲ့သို့ သုံးသပ်ပါသလဲ။

ဖြေ ။ ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့တဲ့ (၃၀) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီး များအဆင့်အစည်းအဝေးက မြန်မာနိုင်ငံကို (၉) နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံခဲ့ပါတယ်။ အမှန်တော့ ၁၉၆၇ ခုနှစ် အာဆီယံစတင်ဖွဲ့စည်းစဉ်ကတည်းက မြန်မာကို အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် ထိုစဉ်က မြန်မာနိုင်ငံဟာ ဘက်မလိုက်လှုပ်ရှားမှုကို စတင်တည်ထောင်ခဲ့တဲ့ နိုင်ငံဖြစ်ပြီး စစ်အေးကာလအတွင်း အာဆီယံ သည် ဘက်လိုက်မှုရှိနိုင်တာကြောင့် အာဆီယံအသင်းမှာ ပါဝင်ဖို့ ကမ်းလှမ်းခဲ့တာကို လက်မခံခဲ့ပါဘူး။

မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ကြီးသို့ စတင်ဝင်ရောက်ခဲ့စဉ် ကတည်းက အာဆီယံပဋိညာဉ်စာတမ်းပါ မူဝါဒများနဲ့ လုပ်ထုံး လုပ်နည်းများကို လေးစားလိုက်နာခဲ့ပါတယ်။ အာဆီယံအဖွဲ့ဝင်အဖြစ် ၁၇ နှစ်ကြာမြင့်ပြီးနောက် မြန်မာနိုင်ငံဟာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ရဲ့ ဦးဆောင်မှုနဲ့ ၂၀၁၄ ခုနှစ်မှာ တာဝန်ယူထမ်းဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့ ၂၀၁၄ ခုနှစ် တစ်ခုလုံးမှာ (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၊ (၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၊ (၉) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေး စတဲ့အစည်းအဝေးကြီးတွေ အပါအဝင် အာဆီယံအစည်းအဝေး စုစုပေါင်း ၂၅၀ ကျော်ကို အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအာဆီယံ ဥက္ကဋ္ဌလက်ထက်မှာ အာဆီယံအသိုက်အဝန်း ထူထောင်မှုအတွက် အလွန်အရေးပါလှတဲ့ “အာဆီယံအသိုက်အဝန်းအား ၂၀၁၅ ခုနှစ်တွင် အကောင်အထည်ဖော်ခြင်းဆိုင်ရာ နေပြည်တော်ကြေညာချက်” နှင့် “၂၀၁၅ ခုနှစ်အလွန် အာဆီယံအသိုက်အဝန်း နေပြည်တော် ကြေညာချက်” တို့ကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အောင်မြင်မှုဟာ အာဆီယံရဲ့ အောင်မြင်မှုပါပဲ။ အာဆီယံထိပ်သီးအစည်းအဝေးများနဲ့ ဆက်စပ်အစည်းအဝေးတွေကို မြန်မာနိုင်ငံတစ်ဝန်းမှာ အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပ နိုင်ခဲ့ခြင်းဟာ မြန်မာနိုင်ငံက နိုင်ငံတကာအစည်းအဝေးများကို စနစ်တကျ လက်ခံကျင်းပနိုင်တယ်ဆိုတာကို ပြသနိုင်ခဲ့ခြင်းပင် ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ကြီးရဲ့ တက်ကြွပြီး တာဝန်ယူစိတ်ရှိတဲ့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တာကို သက်သေ ထူနိုင်ခဲ့တဲ့အပြင် အာဆီယံမှာ ပိုမိုကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင် ဆောင်ရွက်ဖို့အတွက် စွမ်းရည်ရှိတဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တယ်ဆိုတာကို လည်း ပြသလျက်ရှိပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တာနဲ့အညီ အဖွဲ့ဝင်နိုင်ငံတွေရဲ့ တာဝန်ဝတ္တရားတွေကို ဆက်လက်ထမ်းဆောင် သွားမှာဖြစ်ပြီး အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေးအတွက် ညှိနှိုင်းရေးမှူးတာဝန်နဲ့ အာဆီယံပြင်ပဆက်ဆံရေး မြှင့်တင်ခြင်း ကဏ္ဍများ၌ တက်တက်ကြွကြွနဲ့ ဆက်လက်ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌတာဝန် ထမ်းဆောင် ချိန်မှာ တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံး (Code of Conduct in the South China Sea –COC)ဆွေးနွေးမှုများ ပြန်လည်လုပ်ဆောင် နိုင်ရန်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မျှတသည့် ပူးပေါင်းကြေညာ ချက်များ ထုတ်ပြန်နိုင်သည်အထိ ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

မေး ။    အာဆီယံတူညီဆန္ဒနှင့် တိုင်ပင်ဆွေးနွေးခြင်း အခြေခံမူတွေကို အာဆီယံမှာ မည်သည့်အတွက်ကြောင့် ဆက်လက်ထိန်းသိမ်း ထားသင့်ပါသလဲ။

ဖြေ ။    အာဆီယံတူညီဆန္ဒနှင့် တိုင်ပင်ဆွေးနွေးခြင်း အခြေခံမူများဟာ အာဆီယံအဖွဲ့ကြီးရဲ့ ကာလကြာရှည်စွာ ကိုင်စွဲကျင့်သုံး ခဲ့တဲ့ အခြေခံမူများပင်ဖြစ်ပါတယ်။ အာဆီယံပဋိညာဉ်၊ အပိုဒ် ၂၀ (၁) မှာ “အခြေခံမူတစ်ရပ်အဖြစ် အာဆီယံတွင် ဆုံးဖြတ်ချက်ချမှတ်မှုကို တိုင်ပင်ဆွေးနွေးခြင်းနှင့် အဖွဲ့ဝင်အားလုံး၏ တူညီဆန္ဒပေါ်တွင် အခြေပြုရမည်” ဟု တရားဝင် အတိအလင်းဖော်ပြထားပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ မတူညီတဲ့ နောက်ခံအကြောင်းအရာ တွေအရ တိုင်ပင်ဆွေးနွေးခြင်းနဲ့ တူညီဆန္ဒမူတွေကို အာဆီယံရဲ့ အဓိကအခြေခံမူတွေအဖြစ် လက်ခံကျင့်သုံးလျက်ရှိပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအားလုံး တန်းတူရည်တူရှိမှုနဲ့ ဆုံးဖြတ်ချက်ချတဲ့ အခါတိုင်းမှာ မည်သည့်အဖွဲ့ဝင်နိုင်ငံကိုမှ ဘေးဖယ်ချန်လှပ်မှု မရှိစေ ရေးအတွက် ရည်ရွယ်ကျင့်သုံးခြင်း ဖြစ်ပါတယ်။

အာဆီယံတူညီဆန္ဒရရှိဖို့အတွက် အကြိတ်အနယ်ဆွေးနွေးရခြင်း၊ ဘုံအကျိုးစီးပွားဆိုင်ရာကိစ္စရပ်တွေကို ကျေလည်အောင် ညှိနှိုင်းရခြင်း တို့အပြင် အပြန်အလှန် မျှတမှုရှိအောင် နေရာပေးဆောင်ရွက်ရခြင်း တို့ကို ပြုလုပ်ရပါတယ်။ ဒီလို ပြဿနာရပ်တွေကို သမားရိုးကျအတိုင်း မဟုတ်ဘဲ တိုင်ပင်ဆွေးနွေးခြင်းနဲ့ အဖွဲ့ဝင်အားလုံး၏တူညီဆန္ဒပေါ် တွင် အခြေပြုဆုံးဖြတ်ချက်ချခြင်းကို “အာဆီယံလမ်းစဉ်” လို့ ခေါ်ပါတယ်။ အာဆီယံတူညီဆန္ဒကို ကျင့်သုံးတဲ့ အကျိုးကျေးဇူး အနေနဲ့ စစ်အေးခေတ်နောက်ပိုင်းမှစပြီး ဒေသတွင်း တည်ငြိမ် အေးချမ်းမှု ရရှိရေးအထောက်အပံ့ပေးနိုင်ပြီး စည်းလုံးညီညွတ်စေခဲ့တာ လက်တွေ့အရတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

မကြာသေးမီက အနောက်တိုင်းပညာရှင်အချို့နဲ့ အာဆီယံနိုင်ငံ အချို့က အာဆီယံအနေနဲ့ တူညီဆန္ဒမူကို ကျင့်သုံးနေတာကြောင့် အရေးပေါ်ကိစ္စရပ်တွေနဲ့ စိန်ခေါ်မှုတွေကို ထိထိရောက်ရောက် မဖြေရှင်းနိုင်ဘူးလို့ ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ တချို့က ဥရောပ သမဂ္ဂမှာ ကျင့်သုံးနေတဲ့ အများစုမဲပေးသည့်စနစ်နဲ့ ဆုံးဖြတ်ချက် ချတဲ့ပုံစံကို အသုံးပြုဖို့ အဆိုပြုမှုတွေ ပြုလုပ်လာကြပါတယ်။ ဒါပေမယ့် အာဆီယံရဲ့ ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်နဲ့ အာဆီယံရဲ့ အစဉ်အလာအရ အခြားနဲ့မတူဘဲရှိခဲ့တဲ့ ပေါင်းစည်းမှုပုံစံဟာ ဥရောပ သမဂ္ဂနဲ့ အတော်ကို မတူကွဲပြားမှုရှိတာ ဖြစ်ပါတယ်။ အရေးကြီး ကိစ္စရပ်တွေအပေါ် မဲခွဲဆုံးဖြတ်ခြင်းစနစ်ကို ကျင့်သုံးရုံနဲ့ ရလဒ်ကောင်း တွေရလာမှာမဟုတ်ပါဘူး။ အများစုက မဲပေးသည့်စနစ်ကို အသုံးပြု မယ်ဆိုရင် အာဆီယံအတွင်း စည်းလုံးညီညွတ်မှု ပျက်ပြားပြီး ခွဲခြားမှု တွေပဲ ဖြစ်ပေါ်လာမှာ အမှန်ပင်ဖြစ်ပါတယ်။

အာဆီယံတူညီဆန္ဒကို ကျင့်သုံးခြင်းဟာ အာဆီယံရဲ့ စည်းလုံး ညီညွတ်မှုကို အထောက်အကူပြုရုံသာမက အာဆီယံဦးဆောင်တဲ့ အရှေ့အာရှထိပ်သီးအစည်းအဝေး၊ ဆွေးနွေးဖက်နိုင်ငံများနှင့် ထိပ်သီး အစည်းအဝေးများ၊ အာဆီယံဒေသဆိုင်ရာဆွေးနွေးပွဲ စတဲ့ယန္တရား တွေမှာပါဝင်နေတဲ့ အာဆီယံဆွေးနွေးဖက်နိုင်ငံတွေရဲ့ ဆက်လက် ပါဝင်မှုကိုလည်း အထောက်အကူပြုနေတာကို မှတ်သားထားသင့်ပါ တယ်။ အာဆီယံဆွေးနွေးဖက်နိုင်ငံတွေမှာလည်း အမြင်မတူတဲ့ အင်အားကြီးနိုင်ငံတွေ ပါဝင်နေပါတယ်။ အာဆီယံတူညီဆန္ဒဟာ အာဆီယံဦးဆောင်တဲ့ ယန္တရားတွေမှာပါဝင်နေတဲ့ နိုင်ငံအကြီးအငယ် အားလုံး တန်းတူရည်တူရှိစွာနဲ့ အရေးပါတဲ့ကိစ္စရပ်တွေမှာ မိမိတို့နိုင်ငံ ရဲ့ ရပ်တည်ချက်တွေကို ဖော်ထုတ်ဆွေးနွေးခွင့် ရရှိစေပါတယ်။ ဒါကြောင့် အာဆီယံအနေနဲ့ အာဆီယံတူညီဆန္ဒကို အရေးကြီးတဲ့ ကိစ္စရပ်တိုင်းမှာ ဆက်လက်အသုံးပြုဖို့ အထူးလိုအပ်ပါတယ်။

ဝမ်းနည်းစရာကောင်းတာကတော့ အာဆီယံရဲ့ တူညီဆန္ဒမူနဲ့ ဆန့်ကျင်ပြီး ဆောင်ရွက်လိုတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ရဲ့ သဘော ထားနဲ့ လုပ်ဆောင်မှုတွေနဲ့ အာဆီယံအတွင်း အုပ်စုတွေ ထပ်မံဖွဲ့ လိုပြီး ၎င်းတို့လိုလားတဲ့အတိုင်း ဆုံးဖြတ်ချက်ချဖို့ အခြားနိုင်ငံတွေ ကိုပါ ဖိအားပေးလုပ်ဆောင်မှုတွေ ရှိနေတာတွေ့ရပါတယ်။ ယင်း လုပ်ဆောင်ချက်တွေဟာ အာဆီယံရဲ့ အရေးပါအရာရောက်မှု၊ စည်းလုံးညီညွတ်မှုနဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတာ တွေ့ရပါတယ်။

မေး ။    အာဆီယံထိပ်သီးအစည်းအဝေးများ၊ ဆွေးနွေးဖက်နိုင်ငံများနှင့် ထိပ်သီးအစည်းအဝေးများတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအားလုံး ပြည့်စုံစွာတက်ရောက်မှုမရှိခြင်းမှာ အာဆီယံရဲ့ စည်းလုံးညီညွတ်မှုကို မည်မျှ ထိခိုက်စေနိုင်ပါသလဲ။

ဖြေ ။ အာဆီယံပဋိညာဉ်စာတမ်းဟာ အာဆီယံအသင်းကြီးနဲ့ အဖွဲ့ဝင်နိုင်ငံတွေ လိုက်နာဆောင်ရွက်ရမယ့် အခြေခံဥပဒေပဲ ဖြစ်ပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးတွေကို တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပပြီး အာဆီယံဥက္ကဋ္ဌရာထူးကို ရယူထားတဲ့နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရပါတယ်။ အာဆီယံပဋိညာဉ် အပိုဒ် (၇) မှာ “အာဆီယံထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံ များ၏ နိုင်ငံတော်အကြီးအကဲများ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲ များ ပါဝင်ရမည်” ဟု ဖော်ပြထားပါတယ်။ ဒါကြောင့် ထိပ်သီး အစည်း အဝေးတွေမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံတော်အကြီးအကဲတွေ၊ အစိုးရအဖွဲ့အကြီးအကဲတွေ စုံညီစွာ တက်ရောက်မှုမရှိခြင်း သို့မဟုတ် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ ခုံနေရာလွတ်နေခြင်းဖြစ်ပါက “အာဆီယံ ထိပ်သီးအစည်းအဝေး” လို့ ခေါ်ဆိုလို့မရနိုင်ပါဘူး။

ဒါ့အပြင် အာဆီယံပဋိညာဉ် အပိုဒ် (၂)၊ (က)၊ (င) နှင့်(စ) တို့မှာ “အာဆီယံ အဖွဲ့ဝင်နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသား ရေးလက္ခဏာများကို လေးစားလိုက်နာခြင်း”၊ “အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုမရှိခြင်း” နှင့် “ပြင်ပမှဝင်ရောက်စွက်ဖက်မှု၊ ဖျက်လိုဖျက်ဆီးပြုမှုနှင့် ဖိအားပေး မှုများ ကင်းရှင်းစွာဖြင့် အမျိုးသားရေးတည်ရှိမှုဆိုင်ရာ အဖွဲ့ဝင်နိုင်ငံ တိုင်း၏အခွင့်အရေးကိုလေးစားခြင်း” ဟူ၍ အလေးပေးဖော်ပြထား ပါတယ်။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် အစည်းအဝေးတက် ရောက်မယ့် ကိုယ်စားလှယ်ရဲ့ အဆင့်ကိုနှိမ့်၍ ဖိတ်ကြားခြင်း၊ မိန့်ခွန်း ပြောခြင်းနဲ့ ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ အကန့်အသတ်ထားခြင်း တို့ဟာ အာဆီယံပဋိညာဉ်စာတမ်းပါမူ၊ လုပ်ထုံးလုပ်နည်းနဲ့ အာဆီယံ ရဲ့ ထုံးတမ်းစဉ်လာတို့နဲ့ ကွဲလွဲနေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။

ဒါပေမယ့် ယခုအခါမှာ အာဆီယံရဲ့ အစဉ်အဆက်ထိန်းသိမ်းခဲ့တဲ့ အခြေခံမူတွေဟာ ပြင်ပစွက်ဖက်မှုတွေ၊ ဖိအားတွေနဲ့ အချို့အဖွဲ့ဝင် နိုင်ငံတွေရဲ့ လုပ်ရပ်တွေကြောင့် လျော့ပါးလာတာကိုစိတ်မကောင်းဖွယ် တွေ့မြင်နေရပါတယ်။ အာဆီယံနိုင်ငံအချို့ဆိုရင် ပြင်ပဖိအားတွေကို မခံနိုင်တဲ့အတွက် အာဆီယံပဋိညာဉ်ပါ အခြေခံမူတွေကိုပင် ပြောင်ပြောင်တင်းတင်း ချိုးဖောက်လာကြတာကို တွေ့ရှိနေရပါတယ်။

ဒီလိုမျိုး အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ထိပ်သီးအဆင့် အစည်းအဝေးတွေမှာ ချန်လှပ်ထားဖို့ ဆုံးဖြတ်လုပ်ဆောင်တဲ့ အာဆီယံနိုင်ငံအချို့ရဲ့ အဆင်အခြင်မဲ့ လုပ်ရပ်တွေဟာ အာဆီယံရဲ့ ထိရောက်မှုနဲ့ ပုံမှန်လုပ်ငန်းလည်ပတ်မှုတွေကို ဆိုးရွားစွာ အကျိုးသက်ရောက်စေပါတယ်။

ယနေ့အခါမှာ အာဆီယံအတွင်းကသာမက အာဆီယံပြင်ပကပါ အာဆီယံဟာ စည်းလုံးညီညွတ်မှုပျက်ပြားနေပြီး အာဆီယံဗဟိုကျမှု အပေါ် အကြီးအကျယ်ထိခိုက်လျက်ရှိနေတယ်ဆိုတဲ့ ဝေဖန်သုံးသပ် မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လျက် ရှိနေပါတယ်။ အာဆီယံဟာ အာဆီယံဗဟိုပြု ဒေသဆိုင်ရာဗိသုကာပုံစံ၊ အာဆီယံ ဦးဆောင်တဲ့ ယန္တရားတွေနဲ့ အာဆီယံအသိုက်အဝန်း တည်ထောင် ခြင်းဆိုင်ရာ ရည်မှန်းချက်တွေ၊ ဦးတည်ချက်တွေကို ချမှတ်ထား ပြီးဖြစ်ပါတယ်။ ယင်းရည်မှန်းချက်တွေကို အာဆီယံတစ်နိုင်ငံချင်း၊ အာဆီယံအုပ်စုတစ်စုချင်းက ဆောင်ရွက်လို့မရနိုင်ဘဲ အာဆီယံနိုင်ငံ အားလုံး စည်းစည်းလုံးလုံး ဟန်ချက်ညီညီနဲ့ လက်တွဲပြီးဆောင်ရွက် မှသာ ရည်မှန်းချက်ပန်းတိုင်တွေကို လွယ်ကူလျင်မြန်စွာ ရောက်ရှိ နိုင်မှာဖြစ်ပါတယ်။

ဒီလိုအချက်တွေကြောင့် အာဆီယံနိုင်ငံတွေအကြား ယုံကြည်မှု တည်ဆောက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ နိုင်ငံရေးအသိစိတ် ဓာတ်အပြည့်နဲ့ ဆွေးနွေးညှိနှိုင်းခြင်းတို့ကို ပိုပြီးမြှင့်တင်ဆောင်ရွက် ကြဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ပြည်တွင်းရေးကိစ္စတွေကို နိုင်ငံတကာ ရေးရာနဲ့ ဒေသတွင်းရေးရာကိစ္စရပ်အဖြစ် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သွတ်သွင်းခြင်းနဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အစည်းအဝေး တွေမှာ လက်ညှိုးထိုး အပြစ်တင်ဝေဖန်နေကြမယ့်အစား ပြည်တွင်း ရေး ဝင်ရောက်မစွက်ဖက်ရေးမူကို လေးစားလိုက်နာကြပြီး မတူညီမှု တွေကို တိုင်ပင်ဆွေးနွေးခြင်းနဲ့ တူညီဆန္ဒရရှိဖို့ အာဆီယံလမ်းစဉ်၊ အာဆီယံစိတ်ဓာတ်နဲ့ အဖြေရှာကာ အာဆီယံစုစည်းညီညွတ်မှုကို ထိန်းသိမ်းကြရမှာဖြစ်ပါတယ်။

မေး။ လက်ရှိအခြေအနေမှာ ကမ္ဘာ့ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုတွေ ဖြစ်ပေါ်နေလျက်ရှိရာ အာဆီယံအနေနဲ့ ပြင်ပဖိအားတွေနဲ့ လွှမ်းမိုးမှုတွေကို မည်ကဲ့သို့ ဆက်လက်ပြီး ကြံ့ကြံ့ခံနိုင်စွမ်းရှိအောင် ဆောင်ရွက်သင့်ပါသလဲ။

ဖြေ။ ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုတွေဟာ ကျွန်တော်တို့ဒေသ ရင်ဆိုင် နေရတဲ့ နောက်ထပ်စိန်ခေါ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ဒေသတွင်း လုံခြုံရေးဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေ ဖွဲ့စည်းခြင်း၊ လက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်ခြင်း ကိစ္စရပ်တွေဟာ အလွန်ပင် စိုးရိမ်ဖွယ်ရာ ကောင်းလှပါတယ်။ ကမ္ဘာ့နိုင်ငံကြီးတွေအကြား ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတဲ့အတွက် အာဆီယံနိုင်ငံအချို့ဟာ ဘက်ရွေးချယ်မှု ပြုလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ၊ သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။

အာဆီယံအနေနဲ့ ကမ္ဘာ့နိုင်ငံကြီးတွေအကြား ပဋိပက္ခဖြစ်ပွားရာ နယ်မြေဒေသတစ်ခုအဖြစ် ကျရောက်သွားလို့မရပါဘူး။ ဒါကြောင့် အာဆီယံနိုင်ငံတွေအနေနဲ့ အာဆီယံဗဟိုကျမှုနဲ့ အာဆီယံစည်းလုံး ညီညွတ်မှုကို အရင်းပြုပြီး ပြင်ပအင်အားကြီးနိုင်ငံတွေရဲ့ သွေးထိုး ချယ်လှယ်ခြင်းမခံရအောင် ရှောင်လွှဲကြဖို့ အလွန်ပင်အရေးကြီးပါတယ်။ ဒါကြောင့် အာဆီယံအနေနဲ့ အာဆီယံပဋိညာဉ်စာတမ်း၊အရှေ့တောင် အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်၊ အရှေ့တောင် အာရှ နျူကလီးယား လက်နက်ကင်းစင်ရေးဇုန်စာချုပ်နှင့် အာဆီယံ၏ အင်ဒို-ပစိဖိတ်အမြင်ပါ အခြေခံမူများနှင့် စံနှုန်းများကိုမြှင့်တင်ဖို့ အတွက် ပိုမိုအားစိုက်လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

အာဆီယံအနေနဲ့ ပြင်ပနိုင်ငံတွေနဲ့ ဆက်ဆံရာမှာ ဘက်လိုက်မှု မရှိစေရေး၊ အာဆီယံဗဟိုကျမှုကို အပြောသက်သက်၊ စာရွက်ပေါ် သက်သက်မဟုတ်ဘဲ တကယ့်လက်တွေ့ မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ပြီး အာဆီယံဦးဆောင်တဲ့ ယန္တရားတွေကို ပိုမိုခိုင်မာစေရေး ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ ပို၍ပဓာနကျတဲ့အချက်က နိုင်ငံရေး ကိစ္စရပ်တွေမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အပြည့်အစုံမပါရှိဘဲ “အာဆီယံအနုတ် ဖော်မြူလာ” ကဲ့သို့ လွဲမှား၍ အကျိုးမရှိတဲ့ မူတွေကို အဆိုပြုဆောင်ရွက်မယ့်အစား အာဆီယံတူညီဆန္ဒနဲ့ ဆုံးဖြတ်ချက် ချမှတ်ခြင်း၊ မူဝါဒချမှတ်ခြင်းကိုသာ ဆက်လက် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

နိုင်ငံကြီးအချို့ရဲ့ ပြည်ပစွက်ဖက်မှုတွေကြောင့် အကျိုးဖြစ်ထွန်းသည်ကို တွေ့မြင်ခဲလှပြီး ယင်းအစား သက်ဆိုင်ရာနိုင်ငံရှိ ပြည်သူတွေ အကြား စိတ်ဝမ်းကွဲပြားကာ လက်နက်ကိုင်ပဋိပက္ခတွေ ရှည်ကြာပြီး ငြိမ်းချမ်းတည်ငြိမ်မှု မရရှိကြောင်းသာ တွေ့ရှိရမှာ ဖြစ်ပါတယ်။ ယင်း အချက်ကို သက်သေထူနေတဲ့ ယခင်သာဓကများစွာ သုံးသပ်တွေ့ရှိ ရမှာဖြစ်ပါတယ်။

အာဆီယံအနေနဲ့ ပြင်ပဆက်ဆံရေး၊ အထူးသဖြင့် ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ ဆက်ဆံရေးမှာ အထူးကောင်းမွန်ပြီးဖြစ်တဲ့အတွက် နိုင်ငံကြီးများအကြား ယှဉ်ပြိုင်မှုတွေကို ပူးပေါင်းဆောင်ရွက်မှုတွေအဖြစ် ပြောင်းလဲပေးနိုင်တဲ့ အခြေအနေကောင်းတွေ အာဆီယံမှာ ရှိနေတာကို ထပ်လောင်းပြောကြားလိုပြီး ရှိပြီးအာဆီယံရဲ့ ကောင်းမွန်တဲ့ “မူ” တွေနဲ့ စိတ်ဓာတ်၊ နည်းလမ်းတွေကို ဆုပ်ကိုင်ထားသင့်ပါကြောင်း ပြောကြားလိုပါတယ်။