နေပြည်တော် ဩဂုတ် ၅
မလေးရှားနိုင်ငံ၊ မလက္ကာမြို့တွင် ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၃ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့၏ (၁၆) ကြိမ်မြောက်အစည်းအဝေးသို့ အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာ ဝါဝါမောင် ဦးဆောင်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမန်ဟောက်ထန် နှင့် အရာထမ်းတစ်ဦး တက်ရောက်ခဲ့ကြသည်။
(၁၆) ကြိမ်မြောက် အစည်းအဝေးမတိုင်မီ အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းနှင့် စပ်လျဉ်းသည့် မဟာဗျူဟာစီမံချက် မူကြမ်းရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကိုကျင်းပသည်။
အစည်းအဝေးကို အာဆီယံဥက္ကဋ္ဌဖြစ်သည့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ခေတ္တ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ် Mr. Sitsangkhom နှင့် အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက် စာတမ်းရေးဆွဲရေးဆိုင်ရာ အမြဲတမ်း ဦးဆောင်အဖွဲ့ဝင် မလေးရှားနိုင်ငံ၏ ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်နှင့် အငြိမ်းစားသံအမတ်ကြီး Mr. Dato Zainuddin Yahya တို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူ တီမောလက်စ်တေ နိုင်ငံတို့မှ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ၊ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် အာဆီယံမြို့တော်ဝန်များဖိုရမ်နှင့် မလေးရှားနိုင်ငံရှိ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာနတို့နှင့် မျက်နှာစုံညီ အစည်းအဝေးပြုလုပ်ရာ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ၎င်းတို့၏လုပ်ငန်းစဉ်များနှင့် အာဆီယံအသိုက်အဝန်း အကောင်အထည်ဖော်ခြင်းတွင် ပံ့ပိုးဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဦးစားပေးလုပ်ငန်းစဉ်များနှင့် အနာဂတ်စိန်ခေါ်မှုများကို ဆွေးနွေးကာ အကြံပြုချက်များကို တင်ပြခဲ့ကြကာ သက်ဆိုင်ရာကိုယ်စားလှယ်များက တင်ပြလာသည့် အကြံပြုချက်များနှင့် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
ဆက်လက်၍ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ အာဆီယံလူမှု - ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ မဟာဗျူဟာစီမံချက်ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ပူးတွဲဥက္ကဋ္ဌများနှင့် အာဆီယံပေါင်းစည်းဆက်သွယ်ညှိနှိုင်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌများ မျက်နှာစုံညီအစည်းအဝေးပြုလုပ်ရာ သက်ဆိုင်ရာမဏ္ဍိုင်များမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာမဏ္ဍိုင်အလိုက် မဟာဗျူဟာ စီမံကိန်းများရေးဆွဲမှု၏ တိုးတက်မှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး မဟာဗျူဟာစီမံချက်များရေးဆွဲမှုအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြသည်။ ထို့နောက် အာဆီယံစွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် အာဆီယံ အဖွဲ့အစည်းပိုမို ခိုင်မာအားကောင်းစေရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်များနှင့် မဏ္ဍိုင် (၃) ရပ်လုံးနှင့် သက်ဆိုင်ရာလုပ်ငန်းစဉ်များအား ထိရောက်စွာ အကောင်အထည်ဖော်ရေး နည်းလမ်းများအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ဒုတိယဝန်ကြီးက အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ ကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ယနေ့တက်ရောက်လာသည့် အာဆီယံမြို့တော်ဝန်များဖိုရမ် အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ အားလုံးပါဝင်သည့် အာဆီယံအသိုက်အဝန်းကို အကောင်အထည် ဖော်ရာတွင် ဗဟိုအစိုးရများအကြား ပူးပေါင်းဆောင်ရွက်မှုသာမက ဒေသဆိုင်ရာအစိုးရများ၊ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုသည်လည်း အရေးကြီးပါကြောင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (CLMV) နိုင်ငံများ၏ စွမ်းရည်အရင်းအမြစ် တည်ဆောက်မှုကို မြှင့်တင်ရန် အကြံပြုချက်ကို အားပေးထောက်ခံပါကြောင်း၊ အသေးစားအလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထူးဦးစားပေးသင့်ကြောင်း ဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး အာဆီယံပေါင်းစည်းဆက်သွယ်ရေး အပါအဝင် အာဆီယံမဏ္ဍိုင် (၂) ရပ်မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် မဏ္ဍိုင် (၃) ရပ်လုံးနှင့် သက်ဆိုင်နေသည့် Cross-Pillar ကိစ္စရပ်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မဏ္ဍိုင်များအကြား နီးကပ်စွာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် အလွန်အရေးကြီးကြောင်း အလေးပေးဆွေးနွေးခဲ့ပြီး အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း မဏ္ဍိုင်နှင့် အာဆီယံ စီးပွားရေး အသိုက်အဝန်းမဏ္ဍိုင်အကြား သဘောသဘာဝကွဲပြားမှုများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် (၂၀၄၅) ၏ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း မဟာဗျူဟာစီမံချက် ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးမှု ပြီးစီးခဲ့ခြင်းကို အားရကျေနပ်စွာ မှတ်တမ်းတင်ခဲ့ကြပြီး အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် (၂၀၄၅) နှင့် ၎င်း၏ မဟာဗျူဟာစီမံချက်များရေးဆွဲမှု၏ တိုးတက်မှုအစီရင်ခံစာမူကြမ်းကို ပြုစုတင်ပြရန် အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို တာဝန်ပေးအပ်ခဲ့သည်။ ထို့နောက် သက်ဆိုင်ရာ မဟာဗျူဟာ စီမံချက်များရေးဆွဲမှုကို ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်ညှိနှိုင်းဆွေးနွေးရန် မျှော်မှန်းဆောင်ရွက်ကြမည်ဖြစ်ပြီး အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (၁၅) ကြိမ်မြောက်အစည်းအဝေး၏ အစီရင်ခံစာကို အတည်ပြုခဲ့ကြသည်။
အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့သည် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ဆိုင်ရာ ဟနွိုင်း ကြေညာချက်နှင့် လမ်းပြမြေပုံနှင့်အညီ အာဆီယံအသိုက်အဝန်းမဏ္ဍိုင် (၃) ရပ်တို့အကြား နီးကပ်စွာ ညှိနှိုင်းဆွေးနွေးခြင်းဖြင့် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ ရေးဆွဲရန်အတွက် ၂၀၂၂ ခုနှစ်က ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


