နေပြည်တော် မတ် ၁

 

လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့၏ (၁၃)ကြိမ်မြောက်အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။  

 

(၁၃)ကြိမ်မြောက်အစည်းအဝေးမတိုင်မီ အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေး ဆွဲရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ အာဆီယံနိုင်ငံရေး နှင့်လုံခြုံရေးအသိုက်အဝန်းနှင့် စပ်လျဉ်းသည့် မဟာဗျူဟာစီမံချက် မူကြမ်းရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။

 

အစည်းအဝေးကို အာဆီယံဥက္ကဋ္ဌဖြစ်သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ထင်ပေါ် ကျော်ကြားပုဂ္ဂိုလ် Mr. Chatoulong Bouasisavath နှင့် အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက် စာတမ်းရေးဆွဲရေးဆိုင်ရာ အမြဲတမ်းဦးဆောင်အဖွဲ့ဝင် မလေးရှားနိုင်ငံ၏ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်နှင့် အငြိမ်းစားသံအမတ်ကြီး Mr. Dato Zainuddin Yahya တို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူ တီမောလက်စ်တေနိုင်ငံတို့မှ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ၊ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေး မှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

 

ဒုတိယဝန်ကြီးက အစည်းအဝေး လက်ခံကျင်းပခြင်းအတွက် ပူးတွဲဥက္ကဋ္ဌများကို ကျေးဇူးတင်ရှိကြောင်း၊ အာဆီယံ အသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ ၏ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ မဟာဗျူဟာစီမံချက် မူကြမ်းရေးဆွဲရေးတွင် တိုးတက်မှုများရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် အဆင့်မြင့်ကိုယ်စားလှယ်များကို ချီးကျူးပါကြောင်း ပြောကြားခဲ့ပြီး အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းဆိုင်ရာ မဟာဗျူဟာစီမံချက်ရေးဆွဲရာတွင် ဖွဲ့စည်းမှုပုံစံ၊ ဆောင်ရွက်မည့်နည်းလမ်းနှင့် အာဆီယံအဖွဲ့အစည်း ပိုမိုခိုင်မာအားကောင်းရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်များအား အကောင် အထည်ဖော်ရန် သင့်လျော်သည့် မဏ္ဍိုင်သတ်မှတ်ရေးတို့အပေါ် ဆွေးနွေးခဲ့သည်။ ထို့နောက် မဏ္ဍိုင်(၃) ရပ်လုံးနှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ စီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့ (HLTF-EI)နှင့် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင် (Committee for the ASEAN Socio-Cultural Community)တို့နှင့် ဆွေးနွေးတိုင်ပင်ခြင်းဖြင့် ယင်းလုပ်ငန်းစဉ်များကို သင့်လျော်သည့် ကဏ္ဍတွင် ထည့်သွင်းရေး အကြံပြုဆွေးနွေးခဲ့ပြီး  အနာဂတ်တွင် ပိုမိုတိုးတက်ကောင်း မွန်သည့် အာဆီယံဖြစ်ပေါ်လာရေးအတွက် လူငယ်၊ အမျိုးသမီး အဖွဲ့အစည်းများ၊ စီးပွားရေးအဖွဲ့ အစည်းနှင့် ပညာရှင်များနှင့်တွေ့ဆုံမှုကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန် အရေးကြီးကြောင်း အလေးပေး ပြောကြားခဲ့သည်။

 

အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်များညှိနှိုင်းအစည်းအဝေးမှ တင်ပြသည့် အကြံပြုချက်များအပေါ် ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြပြီး အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် (၁၄)ကြိမ်မြောက် အစည်းအဝေး မတိုင်မီ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ မဟာဗျူဟာစီမံချက်မူကြမ်း ပထမအကြိမ် ရေးဆွဲမှုကို အွန်လိုင်းမှတစ်ဆင့် ညှိနှိုင်းဆောင်ရွက်ရန် တာဝန်ပေးအပ်ခဲ့သည်။

 

အစည်းအဝေးကာလအတွင်း ဖေဖော်ဝါရီ၂၈ ရက်တွင် ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် Mr. Alounkeo Kittikhoun နှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Phoxay Khaykhamphithoune တို့နှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး အာဆီယံတွင် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများနှင့် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံအကြား အပြန်အလှန် စိတ်ဝင်စားမှုရှိသည့် ကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)