နေပြည်တော် ဩဂုတ် ၂၆

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း သည် ဩဂုတ် (၂၅)ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၊ Hotel St. Regis ၌ ကျင်းပသည့် အာဆီယံကျန်း မာရေးဝန်ကြီးများ အစည်းအဝေး ဒုတိယနေ့ကို တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် အာဆီယံကျန်းမာရေးဝန်ကြီးများ အလှည့်ကျဥက္ကဌ လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးတို့က အမှာစကားများပြောကြား၍  အစည်းအဝေးကို ဖွင့်လှစ်သည်။

ဆက်လက်၍ အစည်းအဝေးအစီအစဉ်အရ ကိုဗစ်-၁၉ ကပ်ရောဂါအရေးပေါ် ကာကွယ် တုံ့ပြန်ရေးမှတဆင့် ရေရှည်ထိရောက်စွာ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် ကောင်းမွန်သည့် ကျန်းမာရေးစနစ်များဖြစ်ပေါ်လာစေရေး ဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရေး အာဆီယံနိုင်ငံများအတွက် ဖြစ်နိုင်ချေရှိသည့် အထောက်အပံ့ များရရှိရေးအစရှိသည့် ဆွေးနွေးပွဲများကို ကျင်းပရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေး ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊   African Union၊ 2023 G 20 Health Working Group၊ WHO South East Asia Region၊ 2023 G7 Health Working Group၊ APEC အဖွဲ့ဝင်နိုင်ငံများ၊ World Bank၊ ADB၊ GAVI၊ CEPI အဖွဲ့များမှ ပညာရှင်များ၊ အာဆီယံဆိုင်ရာအမြဲတမ်း ကိုယ်စားလှယ်ရုံးများမှ သံအမတ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။  
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါသည် လက်ရှိအချိန်တွင် အရေးပေါ်တုံ့ပြန်ရေးအခြေအနေမှ ရှေရည် ထိရောက်စွာ ကာကွယ်ထိန်းချုပ်ကုသ နိုင်ရေး ဦးစားပေးဆောင်ရွက်ရမည့်အခြအနေသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါကြောင်း၊  ကမ္ဘာ့နိုင်ငံများ နည်းတူ မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည်လည်း ကပ်ရောဂါကာလ အတွင်း အခက်အခဲများ ကြုံတွေ့ခဲ့ရပါကြောင်း၊ သို့သော်လည်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့်  ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကဏ္ဍပေါင်းစုံနှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ကပ်ရောဂါအား အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သော နိုင်ငံ၏ လူမှုစီးပွားရေး၊ ပြန်လည်ကုစားနိုင်ရန်နှင့် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားရေရှည်ဖွံ့ဖြိုးတိုး တက်မှုရှိပြီး လုပ်သာကိုင်သာရှိသော စီးပွားရေးဝန်းကျင်တစ်ရပ် ဖြစ်ပေါ်စေရေးအတွက် မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက် Myanmar COVID-19 Economic Relief Plan ကို ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
    
၂၀၂၁ ခုနှစ်မှ စတင်၍ ရောဂါပိုးများ၏ မျိုးရိုးဗီဇ စောင့်ကြည့်ခြင်းစနစ် Genomic Surveillance System ကိုလည်း အားကောင်းစေရန် စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊ လက်ရှိတွင် ပြည်တွင်း၌ မျိုးရိုးဗီဇ ပြောင်းလဲမှု အသစ်များကို ရှာဖွေစမ်းသပ်စစ်ဆေး အတည်ပြုနိုင်ပြီ ဖြစ်ပါကြောင်း၊ မြန်မာကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန Myanmar Center for Disease Control ကိုလည်း နေပြည်တော်တွင် တည်ဆောက် နေသည်မှာ ပြီးစီးတော့မည်ဖြစ်၍ မကြာမီ ကာလ အတွင်း နိုင်ငံတကာနှင့် ဒေသတွင်း အဆင့်မီ ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေး စင်တာတစ်ခု ဖွင့်လှစ်နိုင်တော့ မည်ဖြစ်ပြီး နောင်ဖြစ်ပေါ်လာနိုင်ချေရှိသည့် ကပ်ရောဂါများ ကူးစက်ရောဂါများ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အထူးအရေးပါသည့် ဌာနတစ်ခု ဖြစ်လာမည် ဖြစ်ပါကြောင်း။

အာဆီယံနိုင်ငံများအတွက် ကပ်ရောဂါဖြစ်ပွားမှုကြိုတင်ပြင်ဆင်ခြင်း၊ တုန့်ပြန်ခြင်း ပက်သက်၍ ပံ့ပိုးကူညီမှုများရရှိရေး ဆွေးနွေးပြောကြားရာတွင် ရောဂါပိုးများ၏ မျိုးရိုးဗီဇ စောင့်ကြည့်ခြင်း စနစ် Genomic Surveillance System နှင့် Genomic Sequencing ဆောင်ရွက်နိုင်သည့် ဓါတ်ခွဲခန်းများ အဆင့်မြှင့်တင်ခြင်းသည် ပိုးအသစ်များ ဖြစ်ပေါ်လာ မှုအား အချိန်နှင့်တသစ်ပြေးညီ သိရှိထိန်းချုပ်နိုင်ရေး အရေးကြီးသည့်အတွက် အဆိုပါစနစ်များ အားကောင်းစေရေး ထောက်ပံ့မှုများရရှိရေး၊ ဒေသတွင်း နိုင်ငံများ အချင်းချင်း သတင်းအချက်အလက်၊ အသိပညာမျှဝေခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊  မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါအတွင်း ကတိကဝတ်ပြု ထားသည့် အကူအညီအထောက်အပံ့များ အနည်းငယ်သာ ရရှိခဲ့ပါကြောင်း၊ အာဆီယံအဖွဲ့ကြီး အနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများ၊ အလှူရှင်များ၏ ကူညီပံ့ပိုးမှုများအား အဖွဲ့ဝင်နိုင်ငံ များအပေါ် ခွဲခြားဆက်ဆံမှု မရှိစေဘဲ တန်းတူညီမျှ ရရှိရေးအား ASEAN Equality, ASEAN Centrality နှင့်အညီသာ ဆောင်ရွက်သင့်ပါကြောင်း၊  မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ ဒေသတွင်း နေထိုင်သော ပြည်သူအားလုံး၏ ကျန်းမာရေးအဆင့် အတန်းမြှင့်တင်နိုင်ရေး၊ တုံ့ပြန်နိုင်စွမ်းအား ကောင်းမွန်ပြီး ရေရှည်တည်တံ့၍ အားလုံးပါဝင်နိုင်သည့် ကျန်းမာရေး စနစ်နှင့် အာဆီယံအသိုက်အဝန်းတည်ဆောက်ရာတွင်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားလုံး၊ ပြည်သူများအားလုံးနှင့်အတူ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် လာမည့်အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အတည်ပြုနိုင်ရေး တင်သွင်းမည့် တိုက်တွန်း နှိုးဆော်ချက် Call for Action ကို အတည်ပြုခဲ့ကြသည်။ 

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။

သတင်းစဉ်