သတင်း-ရဲရင့်လွင်
ဓာတ်ပုံ- MFF
စင်ကာပူနိုင်ငံ၌ကျင်းပနေသည့် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု(က) တတိယနေ့ကို ဒီဇင်ဘာ ၁၁ ရက် (ယနေ့) ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး မြန်မာအသင်းသည် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အုပ်စု (က) တတိယနေ့အဖြစ် ယနေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီတွင် တီမောအသင်းနှင့် ဖိလစ်ပိုင်အသင်း၊ မြန်မာစံတော်ချိန် ည ၇ နာရီတွင် မြန်မာနှင့် ထိုင်းအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ယခုပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းအတွက် အရေးပါနေပြီး ဆီမီးဖိုင်နယ်တက်ရောက်ခွင့်အတွက် မဖြစ်မနေ အမှတ်ရယူနိုင်ရန် လိုအပ်နေပြီး နိုင်ပွဲရယူနိုင်မှသာ ပိုမိုမျှော်လင့်နိုင်မည့်အေနအထားဖြစ်သည်။ မြန်မာ့ လက်ရွေးစင်အသင်းသည် ထိုင်းလက်ရွေးစင်အသင်းကို နိုင်ငံတကာပြိုင်ပွဲများတွင် အနိုင်မရသည်မှာ ကြာမြင့်နေပြီဖြစပြီး ဆူဇူကီးဖလားပြိုင်ပွဲတွင်မူ ၂၀၁၆ ခုနှစ်က နောက်ဆုံးတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
မြန်မာနှင့် ထိုင်းအသင်းသည် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် တွေ့ဆုံခဲ့ပြီး မြန်မာအသင်းသည် နှစ်ကျော့စလုံး အရေးနိမ့်ခဲ့သည်။ ထိုင်းအသင်းသည် ဒန်ဒါ၊ ချာနာသစ်စသည့် နာမည်ကြီးကစားသမား အများစုပါဝင်လာပြီး မြန်မာအသင်းမှာ လူမစုံသည့်အနေအထားများကြောင့် ထိုင်းကိုရင်ဆိုင်နိုင်ရန် ပိုမိုခက်ခဲဖွယ် ရှိနေသည်။
မြန်မာအသင်းသည် အဖွင့်ပွဲတွင် အိမ်ရှင်စင်ကာပူကို သုံးဂိုးပြတ်အရေးနိမ့်ပြီး ဒုတိယပွဲတွင် တီမောအသင်းကို နှစ်ဂိုးပြတ်အနိုင်ရထားခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာအသင်းသည် ဆီမီးဖိုင်နယ်တက်ရောက်ခွင့်အတွက် လက်ကျန်နှစ်ပွဲတွင် အမှားမခံသည့်အနေအထားဖြစ်နေသည်။
ထိုင်းအသင်းမှာမူ တီမောကို အနိုင်ရထားသော်လည်း ဆီမီးဖိုင်နယ် တက်ရောက်ခွင့်အတွက် လက်ကျန်သုံးပွဲစလုံး အရေးပါနေရာ ယနေ့ပွဲမှာ နှစ်သင်းစလုံးအတွက် အမှတ်လျော့၍မရသည့်အနေအထားဖြစ်နေသည်။ အုပ်စု (က) ပွဲစဉ်များအဖြစ် ဒီဇင်ဘာ ၅ ရက်ကကစားသည့် ပထမနေ့တွင် ထိုင်းက တီမောကို နှစ်ဂိုး-ဂိုးမရှိ၊ စင်ကာပူက မြန်မာကို သုံးဂိုး-ဂိုးမရှိ၊ ဒီဇင်ဘာ ၈ ရက်ကကစားသည့် ဒုတိယနေ့တွင် မြန်မာက တီမောကို နှစ်ဂိုး-ဂိုးမရှိ၊ စင်ကာပူက ဖိလစ်ပိုင်ကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရထားသည်။
ဒုတိယနေ့အပြီးတွင် အုပ်စု(က)၌ စင်ကာပူအသင်းက နှစ်ပွဲကစားခြောက်မှတ်ဖြင့် ဦးဆောင်နေပြီး ထိုင်းအသင်းက တစ်ပွဲကစား သုံးမှတ်၊ မြန်မာအသင်းက နှစ်ပွဲကစား သုံးမှတ်ရထားပြီး တစ်ပွဲကစားထားသည့် ဖိလစ်ပိုင်နှင့် နှစ်ပွဲကစားထားသည့် တီမောအသင်းတို့မှာ အမှတ်မရသေးပေ။
မြန်မာအသင်းတွင် ဒဏ်ရာရကစားသမားများရှိနေပြီး တီမောနှင့်ပွဲတွင် ကစားသမားအချို့ကို ကစားနေကျ မဟုတ်သည့်နေရာများတွင် အသုံးပြုခဲ့ရသည်။ မြန်မာအသင်းအနေဖြင့် ခံစစ်ပိုင်းအမှားနည်းရန်လိုအပ်သလို တိုက်စစ်ပိုင်းကလည်း ရရှိသည့်အခွင့်အရေးကို အသုံးချနိုင်မှသာ ထိုင်းအသင်းဆီက အမှတ်ရရန် မျှော်လင့်နိုင်မည်ဖြစ်သည်။


