အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ဒီဇင်ဘာလတွင် ကျင်းပရန် စီစဉ်ထား

ရန်ကုန်  မေ  ၁၆

အာဆီယံဒေသတွင်း အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်သည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ဒီဇင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည်။ ယင်းပြိုင်ပွဲကို ပုံမှန်အရ ၂၀၂၀ ပြည့်နှစ် တွင် ကျင်းပရမည်ဖြစ်သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယခုနှစ်သို့ ရွှေ့ဆိုင်းထားခြင်းဖြစ်သည်။

ကျင်းပရန် စီစဉ်ထား အာဆီယံဘောလုံးအဖွဲ့ချုပ်သည် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက်မှ ၃၁ ရက်အထိ ကျင်းပရန် စီစဉ်ထားပြီး ၂၀၁၈ ပြိုင်ပွဲပုံစံအတိုင်း ပြုလုပ်မည်ဖြစ်သည်။ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုအဆင့်တွင် အိမ်ရှင်နိုင်ငံ သီးခြားရွေးချယ်ခြင်းမပြုတော့ဘဲ အသင်း တစ်သင်းလျှင် အုပ်စုလေးပွဲအား အိမ်ကွင်း နှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ကာ ဆီမီးဖိုင်နယ် နှင့် ဗိုလ်လုပွဲကိုမူ အိမ်ကွင်း၊ အဝေးကွင်း ပုံစံကျင်းပသွားမည်ဖြစ်သည်။

သို့သော် ယင်းပြိုင်ပွဲပုံစံအတိုင်း ကျင်းပနိုင်ရန် အာဆီယံဒေသတွင်းနိုင်ငံများ တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကို ထိန်းချုပ်နိုင်ရန် လိုအပ်နေပြီး ရောဂါအခြေအနေအပေါ် မူတည်၍ ပြိုင်ပွဲကျင်းပမည့်ပုံစံအား ပြန်လည်အတည်ပြုသွားမည်ဖြစ်သည်။ နောက်ဆုံးအဆင့်ကို ငါးသင်းနှစ်အုပ်စုခွဲ၍ ကျင်းပသွားမည် ဖြစ်သည်။ မြန်မာအသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲတွင် အကြိမ်တိုင်း ယှဉ်ပြိုင်ခဲ့ပြီး အမြင့်ဆုံး ရပ်တည်မှုအဖြစ် ၂၀၀၄ နှင့် ၂၀၁၆ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် အဆင့် တက်ရောက်ခဲ့ကာ ကျန်ပြိုင်ပွဲများ တွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် နှစ်လယ်ပိုင်းတွင် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နှစ်ကုန်ပိုင်းတွင် လည်း ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

စတင်ကျင်းပ

အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ၁၉၉၆ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ယခင်က တိုက်ဂါးဖလားပြိုင်ပွဲ၊ အာဆီယံချန်ပီယံ ရှစ်ပြိုင်ပွဲအမည်များဖြင့် ကျင်းပခဲ့ကာ ၂၀၀၈ ခုနှစ်မှစ၍ အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲအမည်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ထိုင်းအသင်းက ချန်ပီယံဆု ငါးကြိမ်ဖြင့် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေကာ စင်ကာပူအသင်းက လေးကြိမ်၊ ဗီယက်နမ်အသင်းက နှစ်ကြိမ်၊ မလေးရှားအသင်းက တစ်ကြိမ် ဗိုလ်စွဲထားသည်။

ကိုညီလေး