နေပြည်တော်၊ နိုဝင်ဘာ ၁၀
အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီအဖွဲ့ဝင်ဝန်ကြီးများ၊ အာဆီယံ စွမ်းအင်ဝန်ကြီးများ၊ အာဆီယံသယ်ယူပို့ဆောင်ရေး ဝန်ကြီးများနှင့် အာဆီယံလယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲ တွင် အလှည့်ကျ ဥက္ကဌဖြစ်သော ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပသည်။
အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံမှ အာဆီယံစီးပွားရေး အသိုက်အဝန်း ကောင်စီအဖွဲ့ဝင်ဝန်ကြီးများ၊ အာဆီယံ စွမ်းအင်ဆိုင်ရာဝန်ကြီးများ၊ အာဆီယံသယ်ယူ ပို့ဆောင်ရေးဆိုင်ရာ ဝန်ကြီးများ၊ အာဆီယံလယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများနှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် မြန်မာကိုယ်စားလှယ် အဖွဲ့တို့ က Online ဖြင့် တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် အာဆီယံဒေသတွင်း၌ ကာဗွန်ထုတ်လွှတ်မှု လျော့နည်းစေရေး ဆိုင်ရာ မဟာဗျူဟာတွင် ကာဗွန်ထုတ်လွှတ်မှု လျော့နည်းစေရေးဆိုင်ရာ ကနဦး ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ကဏ္ဍအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ရမည့် အဓိက လုပ်ငန်းများကိုလည်းကောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် လုပ်ကွက်ငယ် တောင်သူများ ထိခိုက်မှုများ ပြန်လည်ထူထောင်နိုင်စေရေးအတွက် သဘာဝ ဓါတ်မြေသြဇာများနှင့် မြေဆီလွှာဓါတ် မြှင့်တင်ပေးသည့် နည်းလမ်းများ အသုံးပြုနိုင်ရေး အပါအဝင် သွင်းအားစုများကို မြန်မာနိုင်ငံအစိုးရက ကူညီထောက်ပံ့ ပေးနေမှုများနှင့် စိုက်ပျိုးမြေများကို လယ်ယာစိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဆက်လက်ထိန်းသိမ်း ထားရှိနိုင်မှုတို့ကိုလည်းကောင်း၊ သစ်ပင်စိုက်ပျိုးခြင်းနှင့် သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းကို အားပေးပြီး မြန်မာနိုင်ငံ၏ အပင် ရွက်အုပ် ဖုံးလွှမ်းမှု ၁၀ ရာခိုင်နှုန်းအထက် လျော့နည်းသော စိုက်ပျိုးမြေ ဟက်တာ ၂၇၅,၀၀၀ ကို ပျမ်းမျှအပင်ဖုံးအုပ်မှု ဧရိယာဖြစ်စေရေး တိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေနှင့် ၂၀၂၁-၂၀၃၀ ခုနှစ်ကာလအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ချိန် (tCO2e) ၁၀ ဒသမ ၄ သန်းကို မြန်မာနိုင်ငံက စုဆောင်းရယူနိုင်မည့် အခြေအနေများကိုလည်းကောင်း ဆွေးနွေးသည်။
ထို့နောက် အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီ၊ အာဆီယံစွမ်းအင်ဆိုင်ရာ ဝန်ကြီးများ၊ အာဆီယံ ပို့ဆောင်ရေးဆိုင်ရာဝန်ကြီးများနှင့် အာဆီယံလယ်ယာစိုက်ပျိုးရေး နှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်ကို အတည်ပြုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်