နေပြည်တော် ၁၂ ဇွန်
အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေးအတွက် ဆဋ္ဌမ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဦးသောင်းထွန်း အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) အကောင်အထည်ဖော်မှုတွင် အဓိက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက မြန်မာနိုင်ငံမှ အာဆီယံစီးပွားရေး အသိုက်အဝန်း (အေအီးစီ) အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ၂၀၁၉ ခုနှစ် နှစ်အလိုက် အေအီးစီ ဦးစားပေးအကောင်အထည်ဖော်ရမည့် လုပ်ငန်းများ၊ (၂၅)ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ သီးသန့် အစည်းအဝေး၏ ရလဒ်များနှင့် အေအီးစီ ၂၀၂၅ စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်မူဘောင်အရ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှဆောင်ရွက်နေသောCountry Visit ကို ၂၀၁၉ ခုနှစ် တွင် မြန်မာနိုင်ငံမှ လက်ခံဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။
ထို့ပြင် အေအီးစီအကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ၂၀၁၉ ခုနှစ်အတွက် အာဆီယံ နိုင်ငံများအားလုံးမှ ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းစဉ် စုစုပေါင်း (၁၇၀)ခုရှိပြီး၊ လုပ်ငန်းစဉ် (၃၅)ခု အကောင်အထည်ဖော်ပြီးစီးနေပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ် ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စရပ် (၁၆၆) ခုအနက် ဇွန်လအထိ လုပ်ငန်းစဉ် (၃၈)ခုကို ပြီးစီးအောင် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီများအနေဖြင့် လုပ်ငန်းကိစ္စရပ်များကို သတ်မှတ် အချိန်ဇယားအတိုင်း လိုက်ပါဆောင် ရွက်ပေးကြရန်နှင့် ကျန်လုပ်ငန်းကိစ္စရပ်များ ကို အရှိန်အဟုန်ဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင် ကျော်က အေအီးစီ ၂၀၂၅ ကိုဖော်ဆောင်ရန် ၂၀၁၉ ခုနှစ်နှစ်အလိုက် ဦးစားပေးအကောင်အထည် ဖော်ရမည့် လုပ်ငန်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများနှင့် ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံက Country Visit ကိုလက်ခံဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် သက်ဆိုင်ရာလုပ်ငန်းကော်မတီများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက မိမိတို့၏ လုပ်ငန်းကော်မတီအလိုက် အေအီးစီအကောင်အထည်ဖော်မှုလက်ရှိ အခြေအနေများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ လုပ်ငန်းစီမံချက်ပါ သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၏ ဆွေးနွေးတင်ပြချက်များ အပေါ် လိုအပ်သည်များအကြံပြုဆွေးနွေးခဲ့ပြီး အစည်းအဝေးကို နံနက် ၁၁ နာရီခွဲတွင် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်