နေပြည်တော် ဧပြီ ၂၇

 

(၁၈)ကြိမ်မြောက် ဦးဆောင်လမ်းညွှန်မှုကော်မတီ (18th Meeting of the  Steering Committee)  အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီခွဲက ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ အာဆီယံ ဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန (ARMAC) ရုံးချုပ်၌ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ARMAC ၏  အလှည့်ကျဉက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက တာဝန်ယူကျင်းပသည်။

 

အဆိုပါအစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံမှူးကြီး ဒေါ်ဧသန္တာ၊ ဒုတိယ အတွင်းဝန် ဒေါ်အေးသန္တာစိုးတို့နှင့်အတူ ARMAC ၏ Steering Committee ဝင်များဖြစ်သော လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဉာဏ်မြင့်အောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်အင်ဂျင်နီယာ ညွှန်ကြား ရေးမှူးရုံးမှ ဒုတိယဗိုလ်မှူးကြီး ထင်အောင်ကျော်တို့က ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့်  နေပြည်တော်မှ တက်ရောက်သည်။

 

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ ဦးဆောင်လမ်းညွှန် ကော်မတီဝင် ကိုယ်စားလှယ်များ၊ အာဆီယံဒေသတွင်း မိုင်းရှင်းလင်း‌ရေးဗဟိုဌာန (ARMAC) မှ Mr. Prum Suonpraseth (Executive Director, ARMAC) နှင့် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးတွင် ၂၀၂၂ခုနှစ်၊ ဇူလိုင်လအတွင်း ARMAC ၏ အထူးစည်းအဝေး ကျင်းပရန်၊ ARMAC ၏ TOR နှင့် Mid-Term Review တို့ကိုဆောင်ရွက်ရန်၊ ARMAC ၏ လက်ရှိဖွဲ့စည်းပုံကို ပြင်ဆင် သုံးသပ်ရန်၊ ARMAC ၏ ငွေကြေးအထောက်အပံ့တို့ကို ကောင်းမွန်စေရန် ဆွေးနွေးအတည်ပြု ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)