အာဆီယံဒေသတွင်းသို့တိုင် စီးပွားရေးမဏ္ဍိုင် မြဲခိုင်ဝံ့ကြွား မြန်မာ့သမဝါယမစွမ်းပကား

စစ်လွမ်းနောင် ( မန်းမြေသား )

ကမ္ဘာပေါ်တွင် အရင်းရှင်များ၏ အတ္တကြီးမားစွာဖြင့် ကိုယ်ကျိုးရှာ ခေါင်းပုံဖြတ် အမြတ်ထုတ်မှု၊ လောဘလွန်ကဲမှုတို့ကြောင့် လူမှုဒုက္ခအပေါင်းကို မခံမရပ်နိုင်အောင် ခံစားခဲ့ကြရသည့် အရင်းမဲ့လူတန်းစား အလုပ်သမားများသည် လူအများကို ကောင်းကျိုးမပေးဘဲ ဆိုးကျိုးကိုသာပေးသည့် အရင်းရှင်စနစ်၏ အပြစ်ကို သိမြင်လာကြသည့်အတွက် ၁၇၆၀ ပြည့်နှစ်မှစ၍ တရားမျှတမှုမရှိသော အရင်းရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရန်အလို့ငှာ တရားမျှတသော စီးပွားရေးစနစ်သစ်ကို ထူထောင်ရန် နှစ်ပေါင်း ၈၀ ကျော်မျှ ကြိုးပမ်းရှာဖွေခဲ့ရာမှ သမဝါယမစနစ် စတင်ပေါ်ပေါက်လာခဲ့ပါသည်။

အတ္တ၊ ပရ ဒွန်တွဲထားသော စနစ်

သမဝါယမစနစ်သည် လူသားများ၏ အတ္တဟိတ (ကိုယ့်အကျိုး)၊ ပရဟိတ(အများအကျိုး) ဒွန်တွဲမှုအပေါ်တွင် အခြေခံပြီး လူအများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် အောင်မြင်စေရန်အလို့ငှာ လူတန်းစားမခွဲခြားဘဲ သာတူညီမျှ သဘောတရားဖြင့် အချင်းချင်းဆက်ဆံပေါင်းသင်းကာ မိမိတို့၏ ဆန္ဒအလျောက် အတူတကွပူးပေါင်း ဆောင်ရွက်သည့် စနစ်ဖြစ်သည်။ ထို့ကြောင့် လူသားတို့သည် လူတစ်ဦး တစ်ယောက်တည်း ကောင်းစားရေးထက် လူအများကောင်းစားရေးကို ရှေးရှုသော သမဝါယမစနစ်ကို ကမ္ဘာ ပေါ်တွင် ပြန့်ပွားထွန်းကားစေရန် ၁၈၉၅ ခုနှစ်တွင် အင်္ဂလန် နိုင်ငံ၌ အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် (International Cooperative Aliance) ကို ဖွဲ့စည်းခဲ့ကြသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ၁၉၂၃ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့ရာမှ ၁၉၉၄ ခုနှစ်တွင် ကျင်းပပြုလုပ်သော (၄၉) ကြိမ် မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက နှစ်စဉ် ဇူလိုင်လ၏ ပထမပတ် စနေနေ့ကို အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အဖြစ် ဂုဏ်ပြု သတ်မှတ်ပေးခဲ့သည့်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးမှ သမဝါယမအဖွဲ့အစည်းများက နှစ်စဉ် ဇူလိုင်လ၏ ပထမပတ် စနေနေ့တွင် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အခမ်းအနားများကို ကျင်းပနေကြခြင်း ဖြစ်ပါ သည်။

ကမ္ဘာပေါ် ရှိ လူသားများသည် ဆင်းရဲချမ်းသာကွာဟမှု၊ လူမှုရေး၊ စီးပွားရေး မညီမျှမှုများကို စိန်ခေါ်မှုအဖြစ် နေ့စဉ်ကြုံတွေ့နေရသည့်အပြင် စစ်မက်ဖြစ်ပွားမှု၊ အစားအစာ ငတ်မွတ်ခေါင်းပါးမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှု၊ သဘာဝဘေးအန္တရာယ်ဆိုးများ ကျရောက်မှု၊ ရောဂါဆိုး ဖြစ်ပွားမှု၊ လူကုန်ကူးမှု၊ လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားမှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ ဖြစ်ပွားမှု စသဖြင့် များစွာသော ပြဿနာများကို ရင်ဆိုင်နေကြရပေ သည်။ ထိုကဲ့သို့သော မညီမျှမှုများ၊ ပဋိပက္ခစိန်ခေါ်မှုများကို လျော့ပါးသက်သာစေရန် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီးက ၂၀၃၀ ပြည့်နှစ်အထိ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင် (၁၇)ရပ်ကို ချမှတ်ထားပြီးဖြစ်ရာ ကမ္ဘာ့နိုင်ငံအသီးသီးက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်ကလည်း ကမ္ဘာ့နိုင်ငံများ နည်းတူ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ စဉ်ဆက်မပြတ် ဖွံ့ ဖြိုးရေး ပန်းတိုင် (၁၇) ရပ်ထဲမှ ပန်းတိုင် (၁၂) တွင် ပါရှိသော စဉ်ဆက်မပြတ်စားသုံးခြင်းနှင့် ထုတ်လုပ်ခြင်း ပုံစံများဖြစ်ပေါ်ရေးကို သိသာထင်ရှားစွာ အကောင်အထည်ဖော် ဆောင်ရွက်ကြရန် နိုင်ငံအသီးသီးမှ သမဝါယမအသင်းများကို တိုက်တွန်းနှိုးဆော်ထားပေသည်။

အဆိုပါ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင် (၁၂)ကို အကောင်အထည် ဖော်ဆောင်ရွက် ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လုပ်ဆောင်နိုင်စွမ်းကို ထည့်သွင်းစဉ်းစားပြီး နိုင်ငံအားလုံးပါဝင်သည့် စဉ်ဆက်မပြတ်စ ားသုံးခြင်းနှင့် ထုတ်လုပ်ခြင်းပုံစံများ ပါဝင်သော မူဘောင်ချမှတ်ရေး၊ ၂၀၃၀ ပြည့်နှစ်တွင် သဘာဝ အရင်းအမြစ်များကို အကျိုးရှိ ထိရောက်စွာ အသုံးချနိုင်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ ဖြိုးတိုးတက်ရေးနှင့် ဘဝနေထိုင်မှုအတွက် သတင်းအချက်အလက်ကို နေရာတိုင်း၌ လူတိုင်းရရှိရေးတို့ကို ဦးစားပေးဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ မြန်မာ့ သမဝါယမကဏ္ဍအ နေဖြင့်လည်း သမဝါယမလုပ်ငန်းများ အောင်မြင်ဖွံ့ ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု အခန်းကဏ္ဍများတွင် လုပ်ငန်းအတွက် လိုအပ်သည့် ချေးငွေကို ထိရောက်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ မျိုးစေ့ထုတ်လုပ်မှုနှင့် လယ်ယာအထောက်အကူပြု ဝန်ဆောင်မှုအခန်းကဏ္ဍတွင် လယ်ယာသွင်းအားစုများကို တောင်သူဦးကြီးများ၏ ဆန္ဒနှင့်အညီ ရောင်းချပေးခြင်း၊ လယ်ယာထုတ်ကုန်သီးနှံ တိုးမြှင့်ထုတ်လုပ်ရေး ကွင်းဆက် တစ်လျှောက် သမဝါယမကဏ္ဍမှ တတ်နိုင်သလောက် ကူညီ ပံ့ပိုးပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါဝင်ဖြည့်ဆည်းပေး

နိုင်ငံတော်အစိုးရက စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်နေချိန်တွင် ပြည်သူများ၏ လူမှုစီးပွားဘဝများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် မြန်မာ့သမ ဝါယမသည် စုပေါင်းအင်အားဖြင့် တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါဝင် ဖြည့်ဆည်းဆောင်ရွက်လျက် ရှိပေသည်။ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေတောင်သူ လယ်သမားများ၏အကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ဒုတိယကာလတို (၅) နှစ်အတွက် လယ်ယာကဏ္ဍမူဝါဒနှင့် လုပ်ငန်းစဉ်များ အသစ်ပြန်လည်ချမှတ်ခဲ့ပြီး သမဝါယမစနစ် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒနှင့် လုပ်ငန်းစဉ်များကိုလည်း လက်တွေ့ကျကျ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အသေးစား အရင်းအနှီးချေးငွေ ထုတ်ချေးခြင်းလုပ်ငန်း၊ လယ်ယာသုံး စက်ကိရိယာများ အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချပေးခြင်းလုပ်ငန်း၊ သမဝါယမ ပညာပေးရေးလုပ်ငန်း၊ သမဝါယမအသင်းများ ဖွဲ့စည်းခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် စွမ်းအားမြှင့်ဆောင်ရွက်ခဲ့သကဲ့သို့ လယ်ယာကဏ္ဍအတွက် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး အစရှိသည့် လယ်ယာသွင်းအားစု ဖြန့်ဖြူးပံ့ပိုးရေး  လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လယ်ယာအထောက်အကူပြု ဝန်ဆောင်မှု သမဝါယမအသင်းများ ပေါ်ပေါက်လာအောင် ဆောင်ရွက်ခြင်း၊ အသင်းနှင့် အသင်းသားများ ပိုင်ဆိုင်သည့် လယ်ယာမြေများကို လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် မြေယာများ အဆင့်မြှင်တင်ပြုပြင်ပေးခြင်း၊ တောင်သူလယ်သမားများ မျိုးကောင်းမျိုးသန့် အသုံးပြု စိုက်ပျိုးနိုင်ရေး အတွက် မျိုးစေ့ထုတ်သမဝါယမ အသင်းများကို ဖွဲ့စည်းပေးခြင်း နှင့် ငွေကြေးထောက်ပံ့ပေးခြင်းလုပ်ငန်းများကို မြန်မာ့သမဝါယမက ဆောင်ရွက်လျက်ရှိပါသည်။

ယခုကဲ့သို့ သမဝါယမစနစ်ဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်း၊ လယ်ယာသုံး၊ လုပ်ငန်းသုံးစက်ကိရိယာ ပစ္စည်းများ အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေးခြင်း၊ လယ်ယာသွင်းအားစုများ ပံ့ပိုးရောင်းချပေးခြင်း၊ လက်မှု လယ်ယာမှ စက်မှုလယ်ယာသို့ အဆင့်မြှင့်တင်ပေးခြင်းတို့သည် လယ်သမားများ၏ လယ်ယာထွက်ကုန် ထုတ်လုပ်မှုကွင်းဆက် တစ်ခုလုံးကို သမဝါယမကဏ္ဍမှ ဝင်ရောက်ကူညီဆောင်ရွက် ပေးခြင်းပင်ဖြစ်သည်။ တစ်နည်းဆိုရလျှင် နိုင်ငံတော်၏ စီးပွားရေးမဏ္ဍိုင် မြဲခိုင်စေရေးအတွက် သမဝါယမစွမ်းပကားဖြင့် တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခြင်းဖြစ်ရာ အနာဂတ်ကာလတွင် စီးပွားရေးအတွက် ယုံကြည်အားထားရသော အလားအလာကောင်းများ ပေါ်ထွန်းလာအောင် ဆောင်ရွက်နေခြင်းပင် ဖြစ်ပါသည်။

အကြီးမားဆုံးသော လူမှုစီးပွားရေးလုပ်ငန်း

သမဝါယမစနစ်သည် ပြောင်းလဲနေသည့် ကမ္ဘာ့စီးပွားရေး ဖြစ်စဉ်များနှင့် လိုက်လျောညီထွေဖြစ်အောင် ဖြည့်ဆည်းပေးနိုင်သော စွမ်းပကားကို ပိုင်ဆိုင်ထားပြီး သမဝါယမလုပ်ငန်းသည် အကြီးမားဆုံး လူမှုစီးပွားရေး လုပ်ငန်းဖြစ်သည်နှင့်အညီ ကမ္ဘာ့လူဦးရေ ထက်ဝက်ဖြစ်သည့် လူသန်းပေါင်း ၃၀ဝဝ ခန့်၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများကို ခိုင်မာစေခဲ့ကြောင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ထုတ်ပြန်ခဲ့ပါသည်။ ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၉၂ နိုင်ငံရှိရာ နိုင်ငံအားလုံးနီးပါး သမဝါယမစနစ်ဖြင့် သမဝါယမလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်လျက်ရှိပြီး အမေရိကန်ပြည်ထောင်စု၏ ၄၀ ရာခိုင် နှုန်းသော နိုင်ငံသားများသည် သမဝါယမအသင်းသားများ ဖြစ်ကာ ကမ္ဘာတွင် သမဝါယမအသင်းနှင့် အသင်းသား အများဆုံးရှိသော နိုင်ငံဖြစ်သည်။ ဒုတိယ အသင်းသား အများဆုံးနိုင်ငံမှာ အိန္ဒိနိုင်ငံဖြစ်ပြီး အသင်းသားပေါင်း ၉၃ ဒသမ ၇ သန်းရှိသည်။ အသင်းသားပေါင်း ၇၇ သန်းရှိသည့် ဂျပန်နိုင်ငံသည် ကမ္ဘာတွင် တတိယအသင်းသား အများဆုံး နိုင်ငံဖြစ်သည်။    

ကင်ညာနိုင်ငံတွင် ဂျီဒီပီ၏ ၄၅ ရာခိုင်နှုန်း၊ နယူးဇီလန်နိုင်ငံ တွင် ဂျီဒီပီ၏ ၂၂ ရာခိုင်နှုန်းသည် သမဝါယမအသင်းများက ထုတ်လုပ်သော ကုန်ပစ္စည်းတန်ဖိုးများဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံ၏ ၉၀ ရာခိုင်နှုန်းသော ကုန်သွယ်မှုလုပ်ငန်းကို သမဝါယမအသင်းများက ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ ကိုလံဘီယာနိုင်ငံ၏ ၂၄ ရာခိုင်နှုန်းသော ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းကို သမဝါယမအသင်းများက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ကမ္ဘာတွင် သမဝါယမ အသင်းသားပြည်သူ သန်း ၁၀ဝဝ ကျော်ရှိပြီး ကမ္ဘာ့လူဦးရေ၏ ခုနစ်ပုံတစ်ပုံ ရှိကာ သမဝါယမအသင်းများက အလုပ်အကိုင် သန်း ၁၀ဝ ကို ဖော်ဆောင်ပေးနိုင်ပြီး သမဝါယမ၏ အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်ပေးနိုင်မှုမှာ ပုဂ္ဂလိက လုပ်ငန်းကြီးများက ဖော်ဆောင်ပေးနိုင်မှုထက် ၂၀ ရာခိုင်နှုန်း ပိုမိုများပြားကြောင်း ကမ္ဘာ့မှတ်တမ်းများမှ လေ့လာသိရှိ ရပါသည်။

မြန်မာနိုင်ငံရှိ ဗဟိုသမဝါယမအသင်းသည် ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ သမ ဝါယမအဖွဲ့ချုပ်၌ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည့်အတွက် မြန်မာ နိုင်ငံသည် အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီး နိုင်ငံတကာရှိ သမဝါယမ အသင်းများ အချင်းချင်းရင်းနှီးစွာ ပေါင်းသင်းဆက်ဆံနိုင်ရန်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ဆိုသည့် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်၏ ရည်ရွယ်ချက်အတိုင်း အာဆီယံဒေသတွင်းနိုင်ငံများရှိ သမဝါယမအသင်းများနှင့် အချင်းချင်းရင်းနှီးစွာ ပေါင်းသင်းဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းများ မြှင့်တင်ခြင်းတို့ကို ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ အာဆီယံ ဒေသတွင်းနိုင်ငံများတွင် စိုက်ပျိုးရေး လုပ်ငန်းသည် အလွန်အရေးပါပြီး အာဆီယံ ဒေသတွင်းနိုင်ငံများရှိ လူဦးရေ၏ ၅၃ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများသည် စိုက်ပျိုးရေးကို အခြေခံ၍ အသက်မွေးဝမ်းကျောင်း ပြုသူများ ဖြစ်ကြပါသည်။ ကမ္ဘောဒီးယား၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများတွင် ကျေးလက်နေပြည်သူ ဦးရေမှာ နိုင်ငံ့လူဦးရေ၏ ၆၀ ရာခိုင်နှုန်း မှ ၈၀ ရာခိုင်နှုန်း အထိရှိကြောင်း စစ်တမ်းများအရ သိရှိ ရပါသည်။

စိန်ခေါ်မှုများကို အတတ်နိုင်ဆုံး ကူညီဖြေရှင်း

ယနေ့ ကမ္ဘာပေါ်တွင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုနှင့် အတူ သဘာဝဘေးအ္တရာယ်များ၏ သက်ရောက်မှုတို့ကြောင့် လူသားများသည် စားနပ်ရိက္ခာမလုံလောက်မှု၊ အာဟာရ မမျှတမှု၊ မပြည့်ဝမှုစသည့် ပြဿနာများကို ရင်ဆိုင်ကြုံတွေ့ နေကြရပေသည်။ ကမ္ဘာ့လူဦးရေသည် လက်ရှိ ၇ ဒသမ ၆ဘီလီယံ မှ ၂၀၅၀ ပြည့်နှစ်တွင် ၉ ဒသမ ၈ ဘီလီယံအထိ တိုးတက်လာမည်ဟု ခန့်မှန်းထားပြီး ကမ္ဘာ့လူဦးရေသည် နှစ်စဉ် ၇၃ သန်းခန့် တိုးတက်လာနိုင်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရှိရပါ သည်။ ထိုသို့ ကမ္ဘာ့လူဦးရေ တိုးတက်လာသည်နှင့်အမျှ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်း စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရသင့်တင့်မျှတစေရန် စိုက်ပျိုးရေးကဏ္ဍကို ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် တိုးချဲ့လုပ်ကိုင်ရေး၊ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်စွမ်း ရှိအောင် နည်းလမ်းများရှာဖွေ လုပ်ကိုင်ရေးတို့သည် အရေးကြီးသော လိုအပ်ချက်တစ်ရပ် ဖြစ်လာပေသည်။

သို့အတွက်ကြောင့် အာဆီယံဒေသတွင်းနိုင်ငံများရှိ သမဝါယမအသင်းများပူးပေါင်းကာ အာဆီယံစိုက်ပျိုးရေး သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး အာဆီယံဒေသတွင်းရှိ ပြည်သူများအတွက် ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများကို အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များက စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာ့သမဝါယမသည် အာဆီယံ စိုက်ပျိုးရေး သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပြီး အာဆီယံဒေသတွင်းရှိ ပြည်သူများ (အထူးသဖြင့် တောင်သူလယ်သမားများ) လူနေမှု အဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေး သမဝါယမအသင်းများကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန်၊ စိုက်ပျိုးရေး သမဝါယမအသင်းများ၏ လူမှုပတ်ဝန်းကျင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို စဉ်ဆက်မပြတ် အားပေးမြှင့်တင် ဆောင်ရွက်ရန်၊ အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန် အထောက်အကူဖြစ်စေမည့် သတင်းအချက်အလက်များ၊ အတွေ့အကြုံများနှင့် အယူအဆများ ဖလှယ်ရန်၊ လှူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ စီမံခန့်ခွဲရေး၊ ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ အဆင့်မြှင့်တင်ရာတွင် ပူးပေါင်းဆောင်ရွက်ရန်၊ စိုက်ပျိုးရေး သမဝါယမ အသင်းများတွင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်ရန်ဆိုသည့် ကောင်းမွန်၊ မွန်မြတ်သည့် အာဆီယံ စိုက်ပျိုးရေး သမဝါယမ အသင်းများ ဖွံ့ ဖြိုးတိုးတက်ရေးအဖွဲ့၏ ရည်ရွယ်ချက်များအတိုင်း လိုက်ပါ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာ့သမဝါယမသည် အဆိုပါ ရည်ရွယ်ချက်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးသမဝါယမ အသင်းများ၏ စွမ်းဆောင်ရည်ကို တည်ဆောက်ခြင်း၊ ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် ဆောင်ရွက်ခြင်း၊ ဘဏ္ဍာငွေရရှိအောင် ဆောင်ရွက်ခြင်း၊ ဈေးကွက်များ ဖော်ဆောင်ခြင်း စသည့်လုပ်ငန်းစဉ်များကို အဓိကထား ဆောင်ရွက်လျက်ရှိသည့်အပြင် အသင်းသားတောင်သူ လယ်သမားများ၏ အကျိုးစီးပွားကို ရှေးရှုပြီး သမဝါယမ အသင်းများ၏ ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ အရည်အသွေး စံချိန်စံညွှန်းပြည့်မီသည့် လယ်ယာထွက်ကုန် ပစ္စည်းများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုးထုတ်လုပ်ရာတွင် တွေ့ ကြုံရနိုင်သည့် စွန့်စားရမှု အနည်းဆုံးဖြစ်အောင် နည်းလမ်းများ ရှာဖွေဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင် ရရှိထားပြီးဖြစ်သော ဈေးကွက်ကို ပိုမိုခိုင်မာမှုရှိအောင် တည်ဆောက်ပြီး ဈေးကွက်သစ် ရှာဖွေဖော်ထုတ်ရေးတို့ကို အာဆီယံဒေသတွင်း နိုင်ငံများအကြား ကွန်ရက်သဖွယ် သမဝါယမ အသင်းအချင်းချင်း ပူးပေါင်း၍ ချိတ်ဆက် ဆောင်ရွက်လျက်ရှိပါသည်။

အလုပ်အကိုင်အခွင့်အလမ်းတိုးတက်ဖို့ သမဝါယမအသင်းများက ဆောင်ရွက်စို့

အချုပ်အားဖြင့်ဆိုရသော် နိုင်ငံတွင်းရှိ သမဝါယမ အသင်းသားပြည်သူများနှင့် အာဆီယံဒေသတွင်းရှိ သမဝါယမအသင်းသား ပြည်သူများအားလုံး ကြုံတွေ့နေရသည့် စိန်ခေါ်မှုအခက်အခဲများ လျော့ပါးသက်သာစေရေးအတွက် အာဆီယံဒေသတွင်း နိုင်ငံများရှိ သမဝါမအသင်းများအားလုံးက အလေးထား ဆောင်ရွက်ကြရမည့်အပြင် သမဝါယမအသင်းများ၏ စိုက်ပျိုးရေးလုပ်ငန်းတွင် သီးနှံအထွက်နှုန်း တိုးတက်မြင့်မားလာစေရေး၊ စိုက်ပျိုးရေး ထုတ်ကုန်များ ဈေးကောင်းရရှိစေရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်စေရေးတို့ကို ဦးတည်ဆောင်ရွက်ပေးရမည် ဖြစ်ပေသည်။ ထိုနည်းတူ မြန်မာ့သမဝါယမကဏ္ဍမှလည်း မိမိတို့နိုင်ငံတွင်းရှိ သမဝါယမအသင်း နှင့် အသင်းသားများအတွက် ဆောင်ရွက်ပေးခြင်းအားဖြင့် အမျိုးသမီးများ ပါအဝင် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်းပြုနေကြသည့် သမဝါယမအသင်းသား တောင်သူလယ်သမား မိသားစုများ အလုပ်အကိုင်အခွင့် အလမ်းများ တိုးတက်ရရှိလာပြီး တစ်ဦးချင်းဝင်ငွေလည်း တိုးတက်ရရှိလာမည် ဖြစ်ပေသည်။ သို့မှသာ ယခု ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ကျရောက်သော (၂၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ ဆောင်ပုဒ်ဖြစ်သည့် အလုပ်အကိုင် အခွင့်အလမ်းတိုးတက်ဖို့ သမဝါယမအသင်းများက ဆောင်ရွက် စို့ (Coops for Decent Work ) ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာ့သမဝါယမစွမ်းပကားဖြင့် စီးပွားရေးမဏ္ဍိုင် ခိုင်မြဲမှုကို ထုတ်ဖော်ပြသနိုင်မည်ဖြစ်ပြီး အာဆီယံ ဒေသတွင်း သို့တိုင်အောင် ဂုဏ်ယူဝံကြွားနိုင်မည် ဖြစ်ပေတော့သည်။ ။

၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုလျက် ...