နေပြည်တော် ၅ နိုဝင်ဘာ
အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေး လုပ်ငန်းစီမံချက် ရေးဆွဲရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Horizon Lake View Resort Hotel ၌ ဆက်လက်ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ASEAN framework action plan on RDPE Work Plan (2021-2025) ရေးဆွဲနိုင်ရေးအတွက် မဟာဗျူဟာအချက်အလက်များအား ခြုံငုံသုံးသပ် ဆွေးနွေးခဲ့ကြပြီး အာဆီယံကျေး လက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၏ အောင်မြင်မှုများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့် နည်းလမ်းများ၊ အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်မူဘောင် (၂၀၁၆-၂၀၂၀) အကောင်အထည်ဖော်မှုများတွင် အစိုးရအဖွဲ့အစည်းများ၊ ကျေးလက်အဖွဲ့အစည်းများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါရှိမှုများကို ဆွေးနွေးကြသည်။
ထို့ပြင် ကျေးလက်ဒေသလူငယ်များ၊ အမျိုးသမီးများ ပူးပေါင်းပါဝင် ဆောင်ရွက်ရာတွင် အရေးပါရှိမှု၊ ဆင်းရဲမှု၊ မညီမျှမှု၊ စားနပ်ရိက္ခာဖူလုံမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာများကို ဖြေရှင်းဆောင်ရွက်ရန် နည်းလမ်းများ၊ အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးလုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) ရေးဆွဲရေးတွင် ထည့်သွင်းဆောင်ရွက်ရမည့် အဓိကလုပ်ငန်းစဉ်များ၊ ချမှတ်ဆောင်ရွက်ရမည့် ပန်းတိုင်များ၊ စိန်ခေါ်မှုများ၊ အခက်အခဲများ၊ အရေးကြီးသည့်နယ်ပယ်များ၊ ယင်းနှင့်ဆက်စပ်သည့် သုံးသပ်ချက်များ၊ အကြံပြုချက်များကို အဖွဲ့များခွဲ၍ ဆွေးနွေးကြသည်။
မွှေးကြူဇင်


