၂၃ ဇူလိုင်

 

ထိုင်းနိုင်ငံအခြေစိုက် ရုပ်ရှင်လုပ်ငန်းတစ်ခုဖြစ်သည့် GMM Grammy မှ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများမှ တက်သစ်စသရုပ်ဆောင်များ၊ အလားအလာရှိသူများအား ရွေးချယ်ကာ နိုင်ငံတကာအဆင့်မီ ရုပ်သံဇာတ်လမ်းတွဲတစ်ခုအတွင်း ခေါ်ယူအသုံးပြုရန် စီစဉ်လျက်ရှိရာ ယင်းအစီအစဉ်တွင် မြန်မာနိုင်ငံမှ မော်ဒယ်လ် ဧဝရက်မိုးလည်း ဆန်ကာတင်စာရင်းတွင် ပါဝင်ခဲ့ခြင်းကြောင်း သွားရောက်ရိုက်ကူးခွင့်ရရှိရန် ကြိုးစားနေကြောင်း သိရှိရသည်။

 

အဆိုပါရုပ်သံသည် ထိုင်းနိုင်ငံတွင် လက်ရှိနာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်များကို မွေးထုတ်ပေးနေသည့် လုပ်ငန်းဖြစ်ပြီး မြန်မာ၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားတို့မှ လူငယ်များ၏ သရုပ်ဆောင် စွမ်းရည်ကို စစ်ဆေးအကဲဖြတ်ပြီး ခေါ်ယူကာ နိုင်ငံတကာအဆင့်မီ ရုပ်သံဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးမည်ဖြစ်သည်။ လူတွေ့ စစ်ဆေး ခေါ်ယူမှုအစီအစဉ်ကို  ယခုလ (၁၅) ရက်နေ့က ရန်ကုန်မြို့ Pan Pacific Hotel တွင် ပြုလုပ်ခဲ့သည်။

 

“ဆန်ကာတင်အဆင့်မှာ ရွေးချယ်ခံရပါတယ်။ လက်ရှိက ပဏာမလူတွေ့စစ်ဆေးတာပါ။ ဘယ်လို ဇာတ်လမ်း၊ ဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာ မသိရသေးပါဘူး။ မြန်မာနိုင်ငံကနေ ကျွန်တော်အပါအဝင် လူငါးဦးကို ရွေးချယ်ထားပါတယ်။ အဲဒီထဲကမှ သုံးဦးပြန်ရွေးမယ်လို့ သိရပါတယ်။ ရွေးချယ်ထားတဲ့သူတွေကို ထိုင်းနိုင်ငံကို ခေါ်ယူပြီး သရုပ်ဆောင်ပညာရပ်နဲ့ပတ်သက်လို့ သင်ကြားပေးမယ်လို့ သိရပါတယ်။ သြဂုတ်လအတွင်းမှာ သွားရမယ်လို့လည်း သိထားပါတယ်”ဟု ဧဝရက်မိုးကပြောသည်။

 

မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ပါဝင်သရုပ်ဆောင်ရန်အတွက် လျှောက်ထားသူ ၇၀ကျော်က လာရောက်ရွေးချယ်ခံခဲ့ကြပြီး ငါးဦးကို ဆန်ကာတင်အဖြစ် ရွေးချယ်ထားခြင်းဖြစ်ကာ “တကယ်လို့များ ကျွန်တော့်ကို ရွေးချယ်ခဲ့မယ်ဆိုရင် အတိုင်းထက်အလွန်ပေါ့။ အကောင်းဆုံးကြိုးစားပါမယ်”ဟု ဧဝရက်မိုးက ပြောကြားသည်။

 

ကိုလင်း