နေပြည်တော် ၁၈ ဖေဖော်ဝါရီ
အာဆီယံနိုင်ငံများ၏ မူးယစ်ဆေးဝါးနှင့် ပရီကာဆာစုံစမ်းထောက်လှမ်းရေး ကျွမ်းကျင်သူများ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ Mercure Hotel ၌ ကျင်းပရာ အခမ်းအနားသို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲ ဗိုလ်ချုပ်ကြီး အောင်ဝင်းဦးနှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာ ရုံး(UNODC)၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသ Precursor Programme Manager, Mr:Reiner Pungs တို့က အဖွင့်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ အာဆီယံနိုင်ငံများနှင့် မိတ်ဖက် ကနေဒါ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ UNODC၊ DEA၊ AFP တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဆက်လက်၍ အစည်းအဝေးကိုကျင်းပရာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC) Precursor Programme Manager, Mr:Reiner Pungs ဦးဆောင်သော ကိုယ်စားလှယ်များ၊ အာဆီယံနိုင်ငံများ၊ မိတ်ဖက် ကနေဒါ၊ ဩစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့မှ ကိုယ်စားလှယ်များက ဓာတုပစ္စည်းများ လမ်းလွဲရောက်ရှိ အသုံးချမှု၊ တရားမဝင်ထုတ်လုပ်မှုနှင့် တရားမဝင်သယ်ဆောင်ရောင်းဝယ်မှု၊ တရားမဝင် ထုတ်လုပ်/ သယ်ဆောင်/ ရောင်းဝယ်နေမှုများတွင် ဂိုဏ်းဖွဲ့ကျူးလွန်သူများနှင့် ၎င်းတို့၏ လုပ်နည်းလုပ်ဟန်များနှင့် သက်ဆိုင်သည့် နောက်ဆုံးအခြေအနေများကို သုံးသပ်ဆွေးနွေးကြပြီး UNODC မှ နိုင်ငံအလိုက် ဆွေးနွေးတင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးခြင်းနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ မူးယစ်ဆေးဝါးနှင့် ပရီကာဆာများ ပူးပေါင်းတိုက်ဖျက်နိုင်ရေးအတွက် ထိရောက်သော လုပ်ငန်းအစီအစဉ်များ ချမှတ်နိုင်ရေး ပထမနေ့တွင် ဆွေးနွေးကြသည်။
ယင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


