အာဆီယံနိုင်ငံများသို့ ဇီးရိုဒေါ်လာဘတ်ဂျက်ဖြင့် လာရောက်လည်ပတ်ကြသည့်ခရီးသွား ၁၇ ရာခိုင်နှုန်းရှိ

၂ စက်တင်ဘာ


အာဆီယံနိုင်ငံများသို့ ဇီးရိုဒေါ်လာဘတ်ဂျက်ဖြင့်  လာရောက်လည်ပတ်ကြသည့်ခရီးသွား ၁၇ ရာခိုင်နှုန်း ရှိကြောင်း ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောသည်။


ဇီးရိုဒေါ်လာဘတ်ဂျက်ဖြင့် ဝင်ရောက်သည့် ခရီးသွားပြသနာမှာ အိမ်နီးခြင်းနိုင်ငံများတွင်လည်း ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် လအနည်းငယ်မှ စတင်ဝင်ရောက်လာပြီဖြစ်သောကြောင့် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတကာတွင် ဆောင်ရွက်သည့် အခြေအနေများကို လေ့လာလျက်ရှိကာ မြန်မာနိုင်ငံအတွက် အကောင်းဆုံး ဖြစ်အောင်လုပ်ဆောင်ရန် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။


"ကျွန်မတို့ အာဆီယံနိုင်ငံထဲမှာဆိုလို့ရှိရင် ဇီးရိုဒေါ်လာဘတ်ဂျက်နဲ့ သွားနေတဲ့နိုင်ငံကဆိုရင် ၁၇ ရာခိုင်နှုန်း လောက် ရှိတယ်၊ ၁၇ ရာခိုင်နှုန်းလောက် ရှိတဲ့အတွက်ကြောင့်မလို့ ဒီ ၁၇ ရာခိုင်နှုန်းမှာမှ ကျွန်မတို့ ဘယ်လောက ်ရာခိုင်နှုန်းကိုဘဲ Target ပစ်မလဲ၊ အဲဒီလူတွေအတွက်ကို အခွင့်အရေးပိုပေးမယ်၊ ပိုက်ဆံပိုသုံးတဲ့ သူတွေအတွက်ကို အခွင့်အရေးပိုပေးပြီးတော့ ပိုက်ဆံသိပ်မသုံးတဲ့ လူတွေအတွက်ကို အခွင့်အရေးကို ဘယ်လိုစည်းကမ်းတွေနဲ့ တင်းကြပ်လိုက်မလဲဆိုတာတွေကို ကျွန်မတို့ စဉ်းစားထားတာတွေ ရှိပါတယ်၊ သူများနိုင်ငံတွေမှာလည်း ဒီလိုပဲ စလုပ်နေတယ်၊ တစ်ချိန်ကျရင် ဖြေးဖြေးချင်း  ဇီးရိုဒေါ်လာဘတ်ဂျက်နဲ့လာတဲ့ Tourism က အလိုလိုနည်းသွားပြီးတော့ ငွေကြေးပိုပြီးတော့ သုံးစွဲမယ့် Tourism က ဖြည်းဖြည်းချင်း များလာ အောင် ကျွန်မတို့ လုပ်ဆောင်ဖို့အတွက် စပြီးတော့ ဆွေးနွေးတိုင်ပင်နေပါတယ်"ဟု နော်ပန်းသဉ္ဇာမျိုးက ပြောသည်။


သို့ဖြစ်၍ ဇီးရိုးဒေါ်လာဘတ်ဂျက်ဖြင့် ဝင်ရောက်လာသည့် ခရီးသွားများကို မြန်မာနိုင်ငံသို့ မလာရန် ပြောဆိုလို့ မရသည့်အတွက် ဝင်ရောက်လာပါက ဥပဒေဘောင်အတွင်းမှ စည်းကမ်းတကျဖြစ်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ဇီးရိုးဒေါ်လာဘတ်ဂျက်ဖြင့် ဝင်ရောက်လာသည့် ခရီးသွား များကို စည်းကမ်းထိန်းသိမ်းကြပ်မတ် နိုင်ရန် မည်သို့ကိုင်တွယ်လုပ်ဆောင်သင့်ကြောင်း အကြံပြုမူဝါဒစာတမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီက တင်ပြသွားမည်ဖြစ်ကြောင်း အဆိုပါ ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ဆက်ပြောသည်။


ထိုသို့လုပ်ဆောင်ရာတွင်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရတစ်ဖွဲ့တည်းက လုပ်ဆောင်၍မရဘဲ ပြည်ထောင်စုမှ သဘောတူကာ ချမှတ်လိုက်သည့် မူဝါဒသည် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် လိုက်လျောညီထွေမှုဖြစ်ရန်လိုကြောင်း ၎င်းက ထပ်မံပြောကြားသည်။


လက်ရှိ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ခရီးသွားများထဲတွင် တရုတ်နိုင်ငံက အများဆုံးဝင်ရောက်လျက်ရှိပြီး ၎င်းတို့အသုံးပြုသည့်ငွေကြေးသည် မည်သည့်ပုံစံမျိုးဖြင့် မည်သို့စီးဆင်းသွားသည်ကို ရှေ့ဆက်စောင့်ကြည့်ရ မည့် အနေအထားဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း က ပြောသည်။


"လတ်တလောကာလမှာတော့ တရုတ်ခရီးသွား ဧည့်သည်တွေကတော့ ဝင်ရောက်မှုများပါတယ်၊ ဒါပေမယ့် လည်း ကျွန်တော်တို့ အကြမ်းဖျင်း လေ့လာလိုက်တဲ့အခါမှာတော့ ၄ ညအိပ် ၅ ရက်ပေါ့၊ ဘာပဲဖြစ်ဖြစ် ဟိုတယ် တည်းတယ်၊ စားတယ်၊ လက်ဆောင်ဝယ်တယ်၊ ခရီးသွားတဲ့ကားတွေ ငှါးတယ်ဆိုရင် သူတို့ အကြမ်းဖျင်း တစ်နေ့ကိုတော့ အနိမ့်ဆုံးပေါ့နော်၊ ဒေါ်လာ ၅၀ တော့ သုံးဖြစ်တဲ့အနေအထားလေးတော့ ကျွန်တော်တို့ တွေ့ရှိရပါတယ်၊ ဘာ့ကြောင့်လဲဆိုတော့ ဒီငွေတွေကလည်း တစ်ခုတော့ရှိတယ်၊ Package သဘောမျိုးဖြစ်နေ တယ်၊ သူနဲ့ဆက်စပ်တဲ့ ကုမ္ပဏီတွေဆီဘဲ ရောက်သလား၊ ဒါမှမဟုတ်လည်း အားလုံး ပြည်သူလူထု အလွှာအသီးသီးဆီကို ရောက်သလားဆိုတာကတော့ ကျွန်တော်တို့ ဒါကတော့ ရှေ့ဆက်ပြီးတော့ ကြည့်ရမယ့်အနေအထားပါ"ဟု  ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း က ပြောသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးသို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအထိ ခရီးသည် ၆၄၇၀ဝ၀ ကျော် ဝင်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအထိ ကာလတူတွင် ခရီးသည်  ၇၄၃၀ဝ၀ ကျော် ဝင်ရောက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။


ယခင်က ဟိုတယ်နှင့် ခရီးသွားကဏ္ဍကို ပြည်ထောင်စုအဆင့်မှ တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်သော်လည်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ခရီးသွားဥပဒေကို ပြဌာန်းပြီးနောက် လုပ်ပိုင်ခွင့်အာဏာကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ခွဲဝေပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌဖြစ်သူ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ပြောသည်။


အဆိုပါ ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီတွင်  ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဒုဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများဖြစ်သော ပြည်ထဲရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယာဉ်ကျေးမှုဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့မှ အဖွဲ့ဝင်များအဖြစ် ပါဝင်ကြောင်း၊ ထို့ပြင် အရပ်ဘက်အဖွဲ့အစည်းများဖြစ်သော မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းအပါအဝင် သက်ဆိုင်ရာကဏ္ဍအလိုက် တတ်သိပညာရှင်များလည်း အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းထားကြောင်း သိရသည်။


Nyein Nyein