နေပြည်တော် ၁၁ စက်တင်ဘာ

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင် ဦးဆောင်သည့် အာဆီယံ(၉)နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ ကိုယ်စားလှယ်များသည် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၀ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။ 

 

1

 

ယင်းနေ့ညနေပိုင်းတွင် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် ဟိန္ဒူမိသားစု(၁၁)ဦးအား စစ်တွေမြို့ရှိ ပြည်နယ်အစိုးရဧည့်ဂေဟာ၌ တွေ့ဆုံခဲ့သည်။ 

 

2

 

ယင်းသို့တွေ့ဆုံရာ၌ အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ ကိုယ်စားလှယ်များ၏ မေးမြန်းမှုများနှင့်ပတ်သက်၍ ဟိန္ဒူမိသားစုများက ARSA ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း၎င်းတို့၏ မိသားစုဝင်များ ဆုံးရှုံးခဲ့ရမှုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခေါ်ယူခံခဲ့ရမှုအခြေအနေ၊ အိန္ဒိယအစိုးရနှင့် ရခိုင်ပြည်နယ်မှ ဟိန္ဒူဘာသာရေးခေါင်းဆောင်တစ်ဉီးတို့၏ အကြောင်းကြားပေးမှုဖြင့် မြန်မာအစိုးရက ၎င်းတို့အား ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် ပြန်လည်ခေါ်ယူခဲ့မှု အခြေအနေ၊ ၎င်းတို့အား ဖမ်းဆီးမိပါက သတ်ဖြတ်မည်ဟု ARSA မှ ခြိမ်းခြောက်မှုအခြေအနေ၊ ပြန်လည်ဝင်ရောက်လာပြီးနောက် နေထိုင်ရသည်မှာ လုံခြုံစိတ်ချရမှုအခြေအနေ၊ မောင်တောမြို့၌ ပြန်လည်အခြေချနေထိုင်လိုမှုနှင့် အသက်ရှင်ရပ်တည်နိုင်ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်လိုမှု အခြေအနေ၊ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) ကိုင်ဆောင်ထားရှိမှု အခြေအနေတို့နှင့်စပ်လျဉ်း၍ ပြန်လည်ပြောကြားခဲ့သည်။

 

3

 

ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ၎င်းတို့အတွက် နိုင်ငံတော်အစိုးရနှင့် ကုမ္ပဏီများ ပူးပေါင်းပြီး မောင်တောမြို့တွင်နေအိမ်များ ဆောက်လုပ်ပေးထားပြီးဖြစ်ကြောင်း၊ မကြာမီ မောင်တောမြို့သို့ ပြောင်းရွှေ့ပေးရန် စီစဉ်ထားရှိကြောင်း၊ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်အကိုင်များ ဖန်တီးပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံသား စိစစ်ခွင့်ခံရမည့်သူ၏ သက်သေခံကတ်ပြားများ (NVC) ရရှိနိုင်ရေးနှင့် နိုင်ငံသားလျှောက်ထားမှု လုပ်ငန်းစဉ်များအတွက် သက်ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယနေ့နံနက်ပိုင်းတွင် အဆိုပါကိုယ်စားလှယ်အဖွဲ့သည် တစ်ဖက်နိုင်ငံမှ မိမိအစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်လာသည့် မွတ်ဆလင်မိသားစုဝင် (၁၀)ဦးအား စစ်တွေမြို့ရှိ ပြည်နယ်အစိုးရ ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့သည်။ 

ထိုသို့တွေ့ဆုံရာ၌ အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံ သံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ ကိုယ်စားလှယ်များ၏ မေးမြန်းချက်များနှင့်စပ်လျဉ်း၍ ၎င်းမိသားစုများက ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်း၌ နေထိုင်ခဲ့စဉ်က ARSA အဖွဲ့၏ ခြိမ်းခြောက်ခံခဲ့ရကြောင်း၊ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများကိုလည်း သိရှိခဲ့ရကြောင်း၊ သားသမီးများ၏ ကျန်းမာရေး၊ ပညာရေးနှင့် နေထိုင်စားသောက်ရေး အခက်အခဲများကြောင့် မိမိအစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ပြန်လည်ဝင်ရောက်လာရာတွင် မြန်မာအစိုးရမှ မြန်မာဘက်တွင်နေထိုင်ခဲ့သည့် အထောက်အထားနှင့် အကြမ်းဖက် လှုပ်ရှားမှုများတွင် ပါဝင်ခြင်းရှိ- မရှိ ဆိုသည့် အချက်(၂)ခုကိုသာ အဓိကစိစစ်ခဲ့ပါကြောင်း၊ တစ်ဖက်နိုင်ငံရှိ စခန်းများတွင် လက်ရှိနေထိုင်လျက်ရှိသူများအနေဖြင့် ARSA ၏ အကြမ်းဖက်မှုများနှင့် ခြိမ်းခြောက်မှုများ ဆက်လက်ခံစားနေရကြောင်း၊ မူလနေရပ်သို့ ပြန်လည်သွားရောက် လုပ်ကိုင်လိုသော်လည်း ARSA ၏ ခြိမ်းခြောက်မှုအန္တရာယ်ကြောင့် သွားရောက်နိုင်မှု မရှိသေးကြောင်းအပါအဝင် တစ်ဖက်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေသည့် ၎င်းတို့၏ ဆွေမျိုးသားချင်းများအနေဖြင့် မူလနေရပ်သို့ ပြန်လာ၍ အခြေချနေထိုင်လိုသော်လည်း ARSA ၏ ခြိမ်းခြောက်မှုနှင့် လွှမ်းမိုးမှုကြောင့် ပြန်လာနိုင်ခြင်း မရှိသည့် အခြေအနေ၊ NVC ကတ် ရရှိရေးဆောင်ရွက်ခဲ့မှုနှင့် လက်ရှိ NVC ကတ် ကိုင်ဆောင်ထားမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ၎င်းတို့အတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အကြားနှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်လည်ဝင်ရောက်လိုသူ (၂ဝ,ဝဝဝ)ကျော်အနက် စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် တောင်ပြိုလက်ဝဲစခန်းမှတစ်ဆင့် မိသားစုဝင် (၆)ဉီး ထပ်မံ၍ ပြန်လည်ဝင်ရောက်လာခဲ့မှု၊ ၎င်းတို့၏စားဝတ်နေရေးအတွက် စီစဉ်ပေးထားမှုနှင့် ယာယီနေရာချထားပြီးပါက မူလနေထိုင်ခဲ့သည့်နေရာ (သို့မဟုတ်) ၎င်းနှင့်အနီးဆုံးနေရာတွင် ပြန်လည်နေရာချထားပေးရန် စီစဉ်ထားရှိမှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ယခုကဲ့သို့ လာရောက်တွေ့ဆုံ မေးမြန်းပေးသည့် အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ ကိုယ်စားလှယ်များအား ကျေးဇူးတင်ကြောင်း၊ နှစ်နိုင်ငံသဘောတူညီချက်နှင့် ဆောင်ရွက်သည့်အခါတွင် အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် သက်ဆိုင်သည့် UN အဖွဲ့အစည်းများကလည်း လိုအပ်သလို ပူးပေါင်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုကြောင်း နိဂုံးချုပ်ပြောကြားခဲ့သည်။

ကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့်အဖွဲ့သည်လည်း ဩဂုတ် ၂၇ ရက်က ရခိုင်ပြည်နယ်၊ မောင်တောမြို့သို့ သွားရောက်၍ မိမိဆန္ဒအလျောက် တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာခဲ့သည့် နေရပ်စွန့်ခွာသူများနှင့် တွေ့ဆုံခဲ့ကြောင်းနှင့် နေရပ်စွန့်ခွာသူများ၏ အခက်အခဲ၊ လိုအပ်သည့်အကူအညီများ၊ တစ်ဖက်နိုင်ငံတွင် ရောက်ရှိနေကြသည့် နေရပ်စွန့်ခွာသူများ၏ အခြေအနေများ၊ ဂျပန်အစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဆောင်ရွက်ပေးသွားရန်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သိရသည်။ 

သတင်းစဉ်