နေပြည်တော် ၃ အောက်တိုဘာ
မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် အောက်တိုဘာ ၁ ရက်မှ ၂ ရက်အထိ ထိုင်းနိုင်ငံ ဖူးခက်မြို့၌ ကျင်းပသော (၁၀)ကြိမ်မြောက် မဲခေါင်ဒေသတွင်း အရင်းအနှီးဈေးကွက်များ ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးနှင့် (၃၁)ကြိမ်မြောက် အာဆီယံအရင်းအနှီး ဈေးကွက် ကြီးကြပ်သူများ အစည်းအဝေးများသို့ တက်ရောက်သည်။
(၁၀)ကြိမ်မြောက် မဲခေါင်ဒေသတွင်း အရင်းအနှီးဈေးကွက်များ ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး၌ မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်ကြသည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ အရင်းအနှီးဈေးကွက်ကြီးကြပ်သူများ၏ နိုင်ငံအလိုက် အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခြင်းနှင့် အာရှဖွံ့ဖြိုးရေးဘဏ်မှ Green Finance လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြခြင်းတို့ကို ဆောင်ရွက်ကြသည်။
(၃၁)ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက် ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးတွင် ဖိလစ်ပိုင်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့က Green Finance နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ဖိတ်ကြားထားသော အဖွဲ့အစည်းအလိုက် ရင်းနှီးမြှုပ်နှံသူများက အကြံပြုဆွေးနွေးခြင်း၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်ရုံးမှ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခြင်း၊ ဖိလစ်ပိုင်နိုင်ငံက ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာများ ဆွေးနွေးတင်ပြခြင်း၊ ထိုင်းနိုင်ငံမှ အရင်းအနှီးဈေးကွက်ဆိုင်ရာ ကျွမ်းကျင်မှုလုပ်ငန်းများအား ဒေသတွင်းနိုင်ငံများ၌ အပြန်အလှန် ခွင့်ပြုရေး၊ အာဆီယံဒေသတွင်း ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများ တည်ထောင်ခြင်းဆိုင်ရာ မူဘောင်နှင့် ဒစ်ဂျစ်တယ်နည်းဖြင့် ကြီးကြပ်ကွပ်ကဲမည့်နည်းလမ်းများ တင်ပြခြင်းတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးကြပြီး အာရှဖွံ့ဖြိုးရေးဘဏ်မှ နည်းပညာ အကူအညီပေးအပ်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။
သတင်းစဉ်


