အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန် နိုင်ငံကစားသမားဘဝမှ အနားယူ

၈  မတ်


အာဆင်နယ်အသင်းမှ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်သည် နိုင်ငံကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း ပြီးခဲ့သည့် မတ်၇ ရက်တွင် သတင်းထုတ်ပြန်ကြေညာလိုက်သည်။

 

အသက် ၂၉ နှစ်အရွယ်ရှိ တိုက်စစ်မှူး အူဘာမီယန်သည်၂၀ဝ၉ ခုနှစ်တွင် ဂါဘွန်လက်ရွေးစင် အသင်းအတွက် စတင်ပါဝင်ကစားခွင့် ရရှိခဲ့သူဖြစ်ပြီး နိုင်ငံတကာပွဲပေါင်း ၅၈ ပွဲ ပါဝင်ကစားခဲ့ကာ ၂၄ ဂိုး သွင်းယူခဲ့သူဖြစ်ပြီး ဂါဘွန် အသင်းသမိုင်းကြောင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားသူလည်း ဖြစ်သည်။

 

တိုက်စစ်မှူး အူဘာမီယန်က ပြင်သစ်ရုပ်သံနှင့် တွေ့ဆုံရာ တွင် “နိုင်ငံလက်ရွေးစင်အသင်းကနေ အနားယူဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတာပါ။ ကျွန်တော့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်လည်း မေးခွန်းတွေ ထုတ်မိပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ နိုင်ငံအသင်းကနေ နားယူဖို့ ဝမ်းနည်းစွာနဲ့ပဲ ဆုံးဖြတ်ခဲ့ရတာပါ။ ပုံမှန်အားဖြင့်ဆိုရင်တော့ ကျွန်တော်ဟာ နိုင်ငံအသင်းအတွက် ခေါ်ယူခံရရင် သွားရောက်ကစားတတ်သူပါ။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ နိုင်ငံအသင်းမှာ ပါဝင်ကစားဖို့ ဆုံးဖြတ်ရ ခက်ခဲနေခဲ့ပါတယ်။ ကျွန်တော်က ဂါဘွန်အသင်းကို ၂၀၁၉ ခုနှစ် အာဖရိကနိုင်ငံများ ဖလားအတွက် ခြေစစ်ပွဲအောင်မြင်စေချင်ပါတယ်” ဟု ပြောဆိုခဲ့သည်

 

အာဆင်နယ်အသင်းသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ဒေါ့မွန်အသင်းမှ ပြောင်းရွှေ့လာသူ တိုက်စစ်မှူး အူဘာမီယန်သည် ယခုနှစ် ဘောလုံးရာသီတွင် အာဆင်နယ်အသင်းအတွက် စုစုပေါင်း ၃၅ ပွဲ ပါဝင်ကစားပြီးချိန်တွင် ၁၉ ဂိုး သွင်းယူထားသူဖြစ်သည်။

 

ထက်အောင်