ဇွန် ၁၀
အာဂျင်တီးနားနိုင်ငံတွင် ယခုနှစ်လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၀၄၅၈၀ ရှိရာ ယခင်နှစ်ကထက် ၃ ဒသမ ၂၆ ဆ ပိုမိုများပြားခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကပြောကြားသည်။
အလယ်ပိုင်းဒေသတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအရေအတွက် အများဆုံးဖြစ်ပြီး သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုအားလုံး၏ ၆၁ ဒသမ ၉ ရာခိုင်နှုန်းရှိသည်။ အနောက်မြောက်ပိုင်းဒေသတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၂ ဒသမ ၈ ရာခိုင်နှုန်းနှင့် အရှေ့မြောက်ပိုင်းဒေသတွင် ၁၃ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။
နိုင်ငံအတွင်းရှိ ခရိုင် ၂၄ ခုအနက် ၁၉ ခုတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားလျက်ရှိပြီး ယခုရာသီအတွင်း ထိုရောဂါဖြင့်သေဆုံးသူပေါင်း ၃၆၅ ဦး ရှိသည်ဟု သိရသည်။ အဆိုပါသေဆုံးသူများသည် အသက်အရွယ်အုပ်စုအားလုံးတွင် ဖြစ်သော်လည်း အသက် ၈၀ နှင့်အထက်တွင် ယင်းရောဂါဖြင့်သေဆုံးမှုနှုန်းအမြင့်မားဆုံးဖြစ်သည်။
သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးသူများတွင် အများဆုံးခံစားရသည့်လက္ခဏာများမှာ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းဗိုက်ပိုင်းနာကျင်ခြင်းတို့ဖြစ်ကြောင်း ဖော်ပြထားသည်။ ဉီးစားပေးခရိုင်များတွင် အသက် ၁၅ နှစ်မှ ၃၉ နှစ်အထိ အသက်အရွယ်ရှိသူများကို ကာကွယ်ဆေးထိုးနှံမှု စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို