နေပြည်တော် ၁၆ နိုဝင်ဘာ

စိုက်ပျိုးရေးသုတေသန ဦးစီးဌာနအနေဖြင့် သုတေသနများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန၏ ရည်ရွယ်ချက်တစ်ခုဖြစ်သည့် စားနပ်ရိက္ခာဖူလုံမှု၊ အာဟာရပြည့်ဝရေးနှင့် အစားအစာဘေးအန္တရာယ် ကင်းရှင်းမှုတိုးတက်စေရေး ရည်ရွယ်ချက်ပန်းတိုင် ဖော်ဆောင်ရေးအတွက် အာဟာရဓာတ်တန်ဖိုး ပါဝင်မှုမြင့်မားသော၊ ကျန်းမာရေးအတွက် အထောက်အကူပြုသည့် ဆေးဖက်ဝင်စပါးဟု လက်ခံလျက်ရှိသော ဈေးကွက်အလားအလာကောင်းသည် အရောင်ရှိဒေသစပါးမျိုးများ (Color Rice) နှင့် ပတ်သက်သည့် သုတေသနကို ဂျပန်အပြည်ပြည်ဆိုင်ရာ ဗဟိုသုတေသနဌာန (JIRCAS) နှင့် ပူးပေါင်း၍ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်သော နည်းလမ်းများအသုံးပြုကာ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ သုတေသနစီမံကိန်းအကြို ဆောင်ရွက်မှုအနေဖြင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မျိုးစေ့ဘဏ်  (Seed Bank)၏ အအေးခန်းအတွင်း စုဆောင်းထိန်းသိမ်းထားသော ငချိတ် (Black Rice) စပါး ဗီဇမျိုးကွဲ (၅၀)ကျော်၏ ပင်ပိုင်းဆိုင်ရာ လက္ခဏာများ၊ အထွက်နှုန်းနှင့် အထွက်နှုန်းမိတ်ဖက်များ လေ့လာခြင်းသုတေသနကို သုတေသနအရာရှိ ဒေါက်တာဥမ္မာစောနှင့် သုတေသနပညာရှင်များက ဆောင်ရွက်လျက်ရှိ‌ကြောင်း၊ ယင်းသုတေသနမှ အာဟာရတန်ဖိုးပါဝင်မှုမြင့်မားသည့် အရည်အသွေးကောင်း ငချိတ်စပါးမျိုးများ ရရှိရန်အတွက် မျိုးကူးစပ်ရွေးချယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း အဆိုပါဌာနမှသိရသည်။

အရောင်ရှိစပါးမျိုးများဖြစ်သော ငချိတ် (Black Rice)၊ ဆန်နီ (Red Rice) အစရှိသော ဆန်များ၏ အပေါ်ယံလွှာရှိ ရောင်ချယ်ပစ္စည်းများတွင် ပါဝင်သော ဓာတ်တိုးဆန့်ကျင့်သည့်ဓာတ်များ (Antioxidant) သည် ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း၊ ဗီတာမင် B1 နှင့် ဗီတာမင် B2 (ရီရိုဖလိုဗင်)၊ အမျှင်ဓာတ်၊ သံဓာတ်နှင့် ကယ်လ်စီယမ်ဓာတ် ပါဝင်ခြင်းတို့ကြောင့် ကျန်းမာရေးအတွက် အထူးသင့်တော်ကြောင်း အဆိုပါ သုတေသနပညာရှင်များထံမှ သိရှိရသည်။

မေမိုးသဲ