တောင်ကြီး ၁၉ သြဂုတ်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသားအာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲမှ ဦးဆောင်၍ ဆက်စပ် ဝန်ကြီးဌာနများ ပါဝင်ရေးဆွဲထားသော MS-NPAN ၏ဦးစားပေး ရွေးချယ်ထားသည့် တိုင်းဒေသကြီး/ပြည်နယ်(၇)ခုတို့တွင် ရှမ်းပြည်နယ်ပါဝင်နေပြီး၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဧရာဝတီတိုင်းဒေသကြီးတွင် ကနဦးဆွေးနွေးပွဲများ ဆောင်ရွက် ကာ ယနေ့နံနက် ၉ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ အာဟာရကဏ္ဍ ပြုပြင်ပြောင်း လဲရေး သဘောတူညီမှုစာချုပ်ဆိုင်ရာ ပြည်နယ်အဆင့်ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပကြောင်းသိရသည်။
ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်တွင် ရေရှည်အာဟာရချို့တဲ့မှုကြောင့် ငါးနှစ်အောက်ကလေး များအရပ်ပုမှုသည် ၃၆.၅ ရာခိုင်နှုန်း ရှိနေပြီး တတိယအများဆုံးဖြစ်နေကြောင်း၊ ရှမ်းပြည်နယ်တွင် အာဟာရချို့တဲ့မှု လျော့ကျရေးကို ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်ရန်လိုနေပြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီးဌာနမှလည်း အခြားသော ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ပြီး အထူးအလေးထား ဆောင်ရွက်နေပါကြောင်း၊ ကဏ္ဍပေါင်းစုံပူးပေါင်းပါဝင်သော အမျိုးသား အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းအစီအစဉ်ကို စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာနှင့် ချိတ်ဆက်ကာ တိုင်း ဒေသကြီးနှင့်ပြည်နယ် များအတွင်း အာဟာရဓာတ်ချို့တဲ့မှု လျော့နည်းပပျောက်ရေးကို အကောင်အထည်ဖော် ဆောင် ရွက်ရမှာ ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်သည် မြေဧရိယာအလွန်ကျယ်ပြန့်ပြီး မြို့နယ်များအလိုက် မတူကွဲပြားခြားနားသော အခြေအနေများ အမျိုးမျိုး ရှိနိုင်သည့်အတွက် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အာဟာရချို့တဲ့မှုကို ဖြစ်စေသော နောက်ခံအကြောင်းအရင်းများ၊ တိုက်ရိုက်အကြောင်းအရင်းများကို ဦးတည်ဖြေရှင်းသော လုပ်ငန်းများဖြစ်ရန်လိုအပ်ပြီး၊ မြို့နယ် အသီးသီးတွင် ရှိနေသော အရင်းအမြစ်များကို အထိအရောက်ဆုံး အသုံးပြုရန်နှင့် အကျိုးဖြစ်ထွန်းမှု အများဆုံးဖြစ်စေသော လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ရန် အရေးကြီးကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းမှ အမှာစကားပြောကြားပြီး၊ ဥရောပသမဂ္ဂအဖွဲ့အစည်း၏ Deputy head of cooperation ဖြစ်သူ Mr.Pedro မှအမှာစကားပြောကြားကြသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဥရောပ သမဂ္ဂအဖွဲ့အစည်း(EU) မှ Head of cooperation, Mr. Pedro, Mr. Alvaro Ortega Aparicio ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြကြောင်း သိရှိရ သည်။
မောင်မောင်သန်း(တောင်ကြီး)


