၂၆ နိုဝင်ဘာ
ခရုသည် ကျွန်တော်တို့ မြန်မာလူမျိုးများနှင့် မစိမ်းပါ။ “ခရုမှာအဆံ၊ လူမှာ အကြံ”၊ “ခရုခါးတောင်းကျိုက်ဖမ်း” စသည့် မြန်မာ့ရိုးရာစကားပုံများကိုလည်း လူတိုင်း ကြားဖူးကြပါသည်။ တောင်ပေါ်တိုင်းရင်းသားတို့၏ နာမည်ကြီးဟင်းလျာ တစ်မျိုးဖြစ်သည့် ခရုဆန်လှော်ဟင်းကိုလည်း မြန်မာလူမျိုးများ အတော်ကြိုက်နှစ်သက်ကြ၏။ ခရုကို ဟင်းလျာအဖြစ် ချက်ပြုတ်စားသောက်နိုင်ရုံသာမက ခရုခွံကို အလှအပ တန်ဆာဆင်ပစ္စည်းအဖြစ်လည်း အသုံးပြုနိုင်ပါသည်။ သို့သော် ခရုသည် စိုက်ပျိုးရေးအတွက် အဖျက်ပိုး အဖြစ်လည်းကောင်း၊ လူနှင့် တိရစ္ဆာန်များအတွက် ရောဂါသယ်ဆောင်ဖြန့်ဖြူးပေးသူအဖြစ်လည်းကောင်း ဆိုးကျိုးများလည်းပေးနိုင်ပါသည်။
ခရု၏ သဘာဝ
ခရုသည် ကမ္ဘာအနှံ့ ပတ်ဝန်းကျင်အနေအထား အမျိုးမျိုးဖြစ်ကြသည့် မြစ်၊ ချောင်း၊ မြောင်း၊ အလွန် နက်ရှိုင်းသည့် ပင်လယ်၊ ကုန်းမြေနှင့် သဲကန္တာရတို့တွင် နေထိုင်ကျက်စားကြပါသည်။ ခရုမျိုးစိတ်ပေါင်း သိန်းဂဏန်းအထိပင် ရှိနိုင်ကြောင်း ပညာရှင်များ ခန့်မှန်းကြသည်။ အချို့ခရုမျိုးစိတ်များသည် အပင်စားသတ္တဝါ များဖြစ်ပြီး အချို့သည် အစုံစားသတ္တဝါများဖြစ်ကြသည်။ အရွယ်အစားမှာလည်း အမျိုးမျိုးရှိပါသည်။ အလွန်သေးငယ်သော အရွယ်အစားမှစကာ အချို့အာဖရိက | တိုက်ခရုမျိုးသည် ၁၅ လက်မ အရွယ်အထိကြီးပြီး အချို့ပင်လယ်ခရုမျိုးများသည် ၃၅ လက်မအထိပင် ကြီးမားကြကြောင်း လေ့လာသိရှိရပါသည်။ ခရု (တစ်ကောင်တွင် အထီးအမအင်္ဂါနှစ်မျိုးစလုံးပါရှိပြီး မိတ်လိုက်၍သော်လည်းကောင်း၊ အလိုအလျောက်သော် လည်းကောင်း မျိုးအောင်ကြသည်။ တစ်ကြိမ်လျှင် ဥပေါင်း ၁၀၀ မှ ၄၀၀ အထိ ဥနိုင်ကြသည်။
အာဟာရပြည့်ဝသည့် ဟင်းလျာ
ခရုတွင် ပရိုတိန်း၊ သံဓာတ်၊ ဗီတာမင် B12၊ | မဂ္ဂနီဆီယမ်၊ ဆီလီယမ်နှင့် Omega-3 တို့ကြွယ်ဝစွာ ပါဝင်ပါသည်။ အဆီဓာတ်နည်းပြီး ကိုလက်စထရော ပါဝင်မှုနည်းပါးသဖြင့် ကျန်းမာရေးအတွက် အလွန်ကောင်းမွန်ကြောင်း လေ့လာသိရှိရပါသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြားတွင် ခရုကိုဟင်းလျာအဖြစ် စားသုံးကြသည်။ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများတွင်လည်း ရှေးကတည်းကပင် ခရုကို နည်းအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်ကြပါသည်။ အာဖရိကနိုင်ငံအချို့မှာ giant snail ဟုခေါ်သော ခရုကြီးများကိုလည်း စားသုံးနေကြကြောင်း လေ့လာမှတ်သားရပါသည်။ ထို့ကြောင့် အချို့နိုင်ငံများတွင် ခရုမွေးမြူရေးကိုပင် စီးပွားဖြစ် လုပ်ကိုင်နေကြပြီဖြစ်သည်။
အလှကုန်ပစ္စည်း
ထိုင်းနိုင်ငံတွင် ခရုမှထွက်ရှိသည့် အကျိအချွဲ ထုတ်ယူသည့် လုပ်ငန်းကြောင့် ဝင်ငွေတိုးလျက်ရှိကြောင်း သတင်းတစ်ပုဒ်ကိုလည်း မကြာမီက ဖတ်လိုက်ရပါသည်။ ခရု၏အကျိအချွဲမှ ကိုလာဂျင်ဓာတ်သည် အနာလိမ်းဆေး၊ နေလောင်ခံအလှဆီ၊ အလှပြင်ဆီပစ္စည်းများကို ဖော်စပ်ရာတွင် အသုံးပြုနိုင်ကြောင်း၊ လယ်သမားတစ်ဦးသည် ခရုကောင်ရေ ၁၀၀၀ မှ တစ်လလျှင် ဒေါ်လာ ၃၂၀ မှ ၆၅၀ အထိပင် ဝင်ငွေရရှိနိုင်ကြောင်း ဖော်ပြထားပါသည်။
စိုက်ပျိုးရေး၏ အဖျက်ပိုး
ရွှေခရုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအတော် များများ၏ လယ်ယာ စိုက်ပျိုးရေးအတွက်ကြီးမားသော အဖျက်ပိုးအဖြစ် သတ်မှတ်ခံနေရသည်။ အာရှတိုက်သို့ ဟင်းလျာအတွက် အသုံးပြုရန် ယူဆောင်လာကြရာမှ ပျံ့နှံ့လာခြင်းဖြစ်သည်ဟု လေ့လာသိရှိရပါသည်။ ရွှေခရု၏ ဖျက်ဆီးမှုကြောင့် အာရှတိုက်၏ ဆန်စပါးထုတ်လုပ်မှုတန်ဖိုး ဒေါ်လာဘီလီယံနှင့်ချီပြီး ဆုံးရှုံးခံခဲ့ရဖူးကြောင်း၊ မြန်မာနိုင်ငံတွင်လည်း စာရင်းဇယားများအရ ၂၀၁၇ ခုနှစ်တွင် နိုင်ငံတစ်ဝှမ်းလုံး၌ လယ်ကသောင်းနှင့်ချီ၍ ဖျက်ဆီးခံခဲ့ရဖူးကြောင်း သိရှိရပါသည်။ ထို့ကြောင့် ခရုသည် စိုက်ပျိုးခင်းကို ဖျက်ဆီးသည့် အဖျက်ပိုးတစ်မျိုးအဖြစ် ဆန်စပါး စိုက်ပျိုးရေးကို ခြိမ်းခြောက်လျက်ရှိသည်။
လူနှင့် တိရစ္ဆာန်ရောဂါသယ်ဆောင်ဖြန့်ဖြူးသူ
ကမ္ဘာပေါ်ရှိ ရေချိခရုမျိုးစိတ်ပေါင်း ၃၅၀ ခန့်သည် ကပ်ပါးပိုးများ၏ ကြားလက်ခံကောင်အဖြစ် ရောဂါ သယ်ဆောင်ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ခရုမှတစ်ဆင့် ကူးစက်သော Schistosome ကပ်ပါးပိုးကြောင့် ဖြစ်ပွားသည့် schistosomiasis ရောဂါကြောင့် အာရှ၊ အာဖရိကနှင့် တောင်အမေရိကတိုက်တို့တွင် နှစ်စဉ်လူပေါင်းသန်း ၂၅၀ ခန့် ကူးစက်ခံနေရကြောင်း ပညာရှင်များဖော်ပြထားသည်။ Trematode ခေါ် အဆစ်မပါသည့် သန်ပြားကောင်များသည် ဘ၀စက်ဝန်းလည်ပတ်ရန် ရေချိုခရုကို အဓိက ကြားလက်ခံကောင်အဖြစ် အသုံးပြုရပါသည်။ ခရုမှတစ်ဆင့် ကူးစက်သည့် Schistosome, Chinese Liver Fluke copril ကိုဖြစ်စေသည့် clonorchis နှင့် Fasciola စသည်တို့သည် လူကိုကူးစက်မှုအများဆုံး Trematode ကပ်ပါးကောင်များဖြစ်ကြပါသည်။ ယင်းတို့အနက် Schistosome သည် လူကိုကူးစက်မှုအမြန်ဆုံးနှင့် အဆိုးရွားဆုံး ဖြစ်သည်။ အချို့ Schistosome ကပ်ပါးပိုး( ဥပမာ Schistosoma japonicum)သည် လူမှာရော ကျွဲ၊နွားတို့ကိုပါ ကူးစက်မှုဖြစ်ပွား စေသည်။
ခရုကိုယ်တွင်း၌ပွားများပြီး ထွက်လာသော Schisto some ၏ သားလောင်း Cercaria (အမြီးနှစ်ခွပါ) သည် ရေတွင် ကူးခပ်နေလေ့ရှိသည်။ ထိုကပ်ပါးကောင်၏ သားလောင်းသည် လူနှင့်အခြားသတ္တဝါတို့၏ အရေပြားကို ထိုးဖောက်ဝင်ရောက်ပြီး ရောဂါဖြစ်စေပါသည်။ Schistosomiasis ရောဂါ၏ လက္ခဏာများမှာ ကူးစက်ခံရပြီး နှစ်ပတ်မှ ၁၂ ပတ်အကြာတွင် အရေပြားအဖုအကျိတ် ထွက်လာ၍ ယားယံခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်စေခြင်း၊ ဆီးအိတ်၌နေသော မျိုးစိတ်ကြောင့် ဆီးပူ၊ ဆီးအောင့်ခြင်းတို့ကိုဖြစ်စေပြီး ဆီးအိမ် ကင်ဆာကိုပင် ဖြစ်ပွားစေသည်။ Schistosome ကပ်ပါးပိုး သည် မျိုးစိတ်များစွာရှိပြီး လူအပြင် ကျွဲ၊ နွား၊ ဆိတ်၊ ဝက်၊ ကြွက်နှင့် ငှက်မျိုးနွယ်များစသည့် သတ္တဝါတို့တွင်လည်း ရောဂါဖြစ်ပွားသည်ကို တွေ့ရှိရပါသည်။ တိရစ္ဆာန်ကို ရောဂါြဖစ်ပွားစေသည့် Schistosome of cercaria သည်လည်း လူ၏အရေပြားကို ထိုးဖောက်ဝင်ရောက်နိုင်ပြီး အရေပြားကို ယားယံစေနိုင်ပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ ရခိုင်ပြည်နယ်တွင် schistosomiasis ရောဂါ သံသယရှိလူနာများ ရှိနေကြောင်း ထုတ်ပြန်ထားပါသည်။ အင်းလေးဒေသရှိ ရေနှင့်ဆက်စပ်လုပ်ကိုင်သူများ၏ သွေးရည်ကြည် နမူနာများကို လေ့လာကြည့်ရာ အဆိုပါရောဂါကို တုံ့ပြန် သည့် ပဋိပစ္စည်းများတွေ့ရှိရကြောင်း ဆရာကြီး | ဒေါက်တာထင်စိုး၏ လေ့လာတွေ့ရှိချက်စာတမ်းအရသိရှိရပါသည်။ Clonorchis ကပ်ပါးကောင်၏ ဘဝစက်ဝန်းတွင်မူ ခရုကို ပထမကြားလက်ခံကောင်အဖြစ် အသုံးပြုပြီး ငါးကို ဒုတိယကြားလက်ခံကောင်အဖြစ် အသုံးပြုပါသည်။ ထိုကပ်ပါးရောဂါကြောင့် လူတွင် ဝမ်းပျက်ဝမ်းလျှောနှင့် ဗိုက်အောင့်ဗိုက်နာခြင်း တို့ကိုဖြစ်စေနိုင်ပါသည်။
Schistosome အပြင် ခရုကြောင့် ကူးစက်နိုင်ပြီး လူကို ဒုက္ခပေးနိုင်သည့် သန်လုံးကောင်တစ်မျိုးမှာ Angiostrongylus ခေါ် ကြွက်၏အဆုတ် သန်ကောင်ဖြစ်ပါသည်။ ကြွက်၏ မစင်တွင် ပါလာသော သန်ဥကို ခရုကစားမိပြီး ကြားလက်ခံကောင်အဖြစ်ဆောင်ရွက်သည်။ ခရုကို မကျက်တကျက် ချက်စားမိပါက သန်ကောင်၏ သားလောင်းသည် လူကိုကူးစက်နိုင်ပြီး ဦးနှောက်အမြှေးရောင်ရောဂါနှင့် အကြောနာကျင် ကိုက်ခဲရောဂါတို့ကိုဖြစ်စေနိုင်ပါသည်။
ခရုကြောင့်ကူးစက်သည့် Trematode ကပ်ပါးတစ်မျိုး ဖြစ်သည့် Fasciola (ရွက်သန်/အသည်း ကပ်ပါးပိုး)သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနှုန်းမြင့်မားပြီး မွေးမြူရေးလုပ်ငန်းကို ထိခိုက်မှုမြင့်မားပါသည်။ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၏ သုတေသနတွေ့ရှိချက်အရ ရှမ်းပြည်နယ်အတွင်း အချို့ဒေသများတွင် မွေးမြူထားသော ကျွဲနွားများ၏ ၁၉-၂၂ ရာခိုင်နှုန်းအထိ Fasciola ကပ်ပါးပိုး ရောဂါစွဲကပ်နေကြောင်း သိရှိရပါသည်။ တက္ကသိုလ် နယ်မြေအနီးရှိ အင်းအိုင်များမှ ကပ်ပါးပိုးသယ်ဆောင်တတ်သည့် ခရုမျိုးစိတ်များကို လေ့လာကြည့်ရာတွင်လည်း ၆၀ ရာခိုင်နှုန်းသော ခရုများသည် Cercaria တစ်မျိုးမျိုးကို သယ်ဆောင်ထားကြကြောင်း တွေ့ရှိရပါသည်။ Fasciola ကပ်ပါးကောင်သည် စားမြုံ့ပြန်သတ္တဝါများဖြစ်ကြသည့် ကျွဲ၊ နွား၊ သိုး၊ ဆိတ်တို့တွင် အဓိကကူးစက်ပြီး ရောဂါဖြစ်စေသည်။
ခရုမှထွက်လာသည့် သားလောင်းအဆင့် Cercaria (အမြီးမခွ)သည် ရေတွင်ကူးခပ်နေပြီး ရေစပ်တွင် ပေါက်ရောက်သော မြက်ပင်းကန်စွန်းပင် စသည့်အပင်များတွင် တွယ်ကပ်ကာ metacarcaria အရည်အိတ် (cyst) ဖြစ်သွားပါသည်။ ထိုမြက်ပင်နှင့် ကန်စွန်းပင်များကို စားမိရာမှ ကပ်ပါးကောင်၏ သားလောင်းသည် အသည်း သို့ရောက်ပြီး သည်းခြေပြွန်၌ အရွယ်ရောက်အဆင့်သို့ရောက်ရှိသည်။ အဆိုပါ ကန်စွန်းပင်ကို အစိမ်းစားမိပါက လူကိုလည်း ကူးစက်နိုင်ပါသည်။ တိရစ္ဆာန်တို့ကို ဒုက္ခပေး တတ်သည့် အခြား Trematode ကပ်ပါးကောင်မှာ Paramphistome ဖြစ်ပြီး ဘဝစက်ဝန်းလည်ပတ်ပုံမှာ Fasciola နှင့် အတူတူပင်ဖြစ် ပါသည်။ အရွယ်ရောက် အဆင့်ကပ်ပါးကောင်သည် အစာအိမ်နှင့် အူလမ်းကြောင်းတို့တွင် အဓိကနေထိုင်သည်။ ယင်းကပ်ပါးပိုးသည် စားမြုံ့ပြန်သတ္တဝါများတွင်သာမက ဆင်များတွင်လည်း အဖြစ်များလေ့ရှိပါသည်။ သွေးစုပ်လေ့ရှိသဖြင့် တွယ်ကပ်ခံရသည့် ကပ်ပါးကောင်ရေများလွန်းပါက တိရစ္ဆာန်ကိုသေစေနိုင်ပါသည်။ တိရစ္ဆာန်တို့တွင် အသုံးများသည့် သန်ချဆေး (ဥပမာ-vermectin) ဖြင့် ကုသ၍ မရပါ။ Trematode ကပ်ပါးပိုးများအတွက် သီးသန့်ဖော်စပ်ထား သည့် သန်ချဆေးများဖြင့်သာ ကုသနိုင်သည်။
ခရုမှတစ်ဆင့်ကူးစက်သည့်ရောဂါများကို ကာကွယ် နှိမ်နင်းနည်းများ
ခရုကိုနှိမ်နင်းရန် ထုံးဖြူးခြင်း၊ မက်တယ်ဒီဟိုဒ်၊ နီကလိုစမိုက်၊ ကော့ပါးဟိုက်ဒြာဆိုဒ် စသည်တို့ကို ပက်ဖျန်းခြင်းအပြင် ဆေးရွက်ကြီး၊ တမာ စသည်တို့ကို ပက်ကြဲခြင်းဖြင့် သဘာဝနည်းများကိုလည်း အသုံးပြု နိုင်ပါသည်။ သို့သော် ခရုသတ်ဆေးများ အလွန်အကျွံ အသုံးပြုပါက ရေနေသတ္တဝါနှင့် အခြားသတ္တဝါများကို ထိခိုက်နိုင်ပြီး ဂေဟစနစ်ကိုလည်း ထိခိုက်စေနိုင်ပါသည်။ ဂျပန်နိုင်ငံသည် ၁၉၇၀ ပြည့်နှစ်ကတည်းက ခရုပေါက်ဖွားရာနေရာကို လျှော့ချသောနည်းများဖြင့် ခရုပေါက်ပွားနှုန်းကိုလျှော့ချနိုင်ခဲ့ပြီး Schistosomiasis ရောဂါကိုပါ အမြစ်ပြတ်နှိမ်နင်းနိုင်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။ Schistosomiasis ကဲ့သို့သော ရောဂါဖြစ်ပွားရာဒေသများတွင် ရေကူးခြင်း၊ မြစ်၊ချောင်းများမှ ရေကိုကောင်းစွာ မကျိုချက်ဘဲ သောက်သုံးခြင်း တို့ကို ရှောင်ကြဉ်သင့်ပါသည်။
စိုက်ပျိုးရေးလုပ်ကိုင်သူ တောင်သူများသည်လည်း ကပ်ပါးသားလောင်းများ ခန္ဓာကိုယ်အရေပြားဖောက်ပြီး ဝင်မလာအောင် ကာကွယ်ထားသင့်သည်။ ကပ်ပါးရောဂါများ ကာကွယ်ရန် တစ်ကိုယ်ရေသန့်ရှင်းမှုသည် အရေးအကြီးဆုံးဖြစ်ပြီး ခရုကိုချက်စားလိုပါက ကျက်အောင်ချက်ပြုတ်စားရန်လည်း အရေးကြီးပါသည်။ ရောဂါကူးစက်ခံရသည်ဟု သံသယဖြစ်ပါက အနီးဆုံး ကျန်းမာရေးဌာနသို့ သွားရောက်ပြသပြီး ကုသမှုခံယူသင့်ပါသည်။ တိရစ္ဆာန်များတွင်လည်း ခရုမှတစ်ဆင့် ကူးစက်သည့် ရောဂါများအဖြစ်များလေ့ရှိသဖြင့် မွေးမြူရေးတိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားလာပါက ကျွမ်းကျင်သည့် တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် ပြသကုသသင့်သည်။
နိဂုံးချုပ်အနေဖြင့် ခရုကို ကျက်အောင်ချက်စားခြင်းဖြင့် အာဟာရပြည့်ဝသည့် ဟင်းတစ်ခွက်အဖြစ် ဖန်တီးနိုင်သကဲ့သို့ ခရုသည် လူနှင့် အခြားသတ္တဝါများကို ကောင်းစွာဒုက္ခပေးနိုင်ကြောင်းကိုလည်း သတိပြုသင့်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။
မောင်စော (မွေး/ဆေး တက္ကသိုလ်)