လွိုင်ကော် ၈ အောက်တိုဘာ
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ စွမ်းရည်မြှင့်တင်ခြင်းနှင့် အသိပညာများ ပိုမိုပြည့်ဝလာစေရန် ရည်ရွယ်၍ MCCT အစီအစဉ်ဖြင့် အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ အမူအကျင့် ပြောင်းလဲရေး အသိပညာပေးခြင်း လုပ်ငန်းဆင့်ပွား သင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲက ပြည်နယ် ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချန်ပဲ့က အဖွင့်အမှာစကား ပြောကြားရာတွင် ကယားပြည်နယ်တွင် MCCT ကို ပြုလုပ်ခဲ့ရာ တစ်နှစ်တာကာလ ရှိပြီဖြစ်ကြောင်း၊ ခုလိုအောင်မြင်အောင် ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့၍ ယခုလိုအောင်မြင်ရခြင်းဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန်အစားအစာထက် အာဟာရ ပြည့်ဝစေရန် တစ်နေ့ ၅၀ဝ ကျပ်ဖြင့် တစ်လ ၁၅၀ဝ၀ ကျပ် အပိုထပ်ဆောင်းပေးအပ်ခြင်း ဖြစ်ကြောင်း၊ အခုလို ကိုယ်ဝန်ဆောင်မိခင်များအတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးကြသည့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး ပြည်နယ် ကုသရေးနှင့် ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အေးသော်တာမွန်က ထပ်ဆင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံတွင် အရပ်ပုသည့်နှုန်းမှာ ချင်းပြည်နယ်ပြီးလျှင် ကယားပြည်နယ်ဖြစ်ပါကြောင်း၊ ကလေးငယ်တစ်ဦး၏ ဖွံ့ဖြိုးဖို့အတွက် မိခင်ကိုယ်တိုင်က အာဟာရဖွံ့ဖြိုးဖို့ လိုအပ်ပါကြောင်း၊ ယခုဆိုလျှင် အာဟာရနှင့် ပတ်သက်၍ အသိပညာ နည်းလမ်းကောင်းများ ရရှိပြီဖြစ်ကြောင်း၊ ပထမဦးစွာ ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများ စားသောက်တတ်စေရန် အသိပညာပေးခြင်း၊ ထိုမှတစ်ဆင့် သူတို့၏ခံယူချက်များ၊ အမူအကျင့်များ ပြောင်းလဲ သွားသည်အထိ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ တက်ရောက်လာသော ကျန်းမာရေး ဝန်ထမ်းများအနေနှင့် ယခုသင်ကြားပိုချပေးမည့် သင်ခန်းစာများ၊ အသိပညာများကို သေသေချာချာ မှတ်သားထားပြီး မိမိရပ်ကွက်၊ ကျေးရွာနေ မိခင်များစုပြီး အသိပညာ၊ ဗဟုသုတများကို သေသေချာချာ ထိရောက်အောင် ပြောကြားဆောင်ရွက် ကြစေလိုကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းတွင် ပြည်နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် အကြီးတန်းစာရေးတို့မှ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး အောက်တိုဘာလ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
လွိုင်ကော်သား


