အထက်မင်းလှ  ၁၃ ဩဂုတ်  


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရုံးရပ်တောင်ရပ်ကွက်အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးက အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အကြောင်းပြောကြားရာတွင် ဩဂုတ်လအတွင်း ပထမပတ်၌ မိခင်နို့စနစ်တကျတိုက်ကျွေးရေးရက်သတ္တပတ် ၊ ဒုတိယပတ်တွင်(၅)နှစ် အောက်ကလေးငယ်များနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ တတိပတ်တွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ စတုတ္ထပတ်တွင် အိုင်အိုဒင်းချို့တဲ့ ရောဂါပပျောက်ရေး ရက်သတ္တပတ်ဟူ၍ မြို့နယ်အတွင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
    

ထို့နောက်အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ(၂၀၁၉)နှင့်   ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်ဉာဏ်စမ်းပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား၊ကျောင်းသူများကို ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ တတိယတန်းကျောင်းသား၊ ကျောင်းသူများအား အာဟာရရက်သတ္တပတ်များ(၂၀၁၉)နှင့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးအမှတ်တရ တီရှပ်များကိုတာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။
    

အဆိုပါ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ်ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာ အဖွဲ့များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

                                                                                               

ဇာဇာ(အထက်မင်းလှ)