ရန်ကုန် ဇွန် ၄

   

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင် နို့စားနွားမွေးမြူရေး သုတေသနနှင့် သရုပ်ပြခြံအတွင်း အာဟာရပြည့်ဝပြီး အရည်အသွေးမြင့်သော တိရစ္ဆာန် အစာပင် (၉)မျိုး အား မြေ ၉၁ ဧကတွင် တိုးချဲ့စိုက်ပျိုးရန်‌ မြေယာပြုပြင်ခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်ကာ ဇွန်လ ဒုတိယပတ်တွင် မျိုးစေ့ စတင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ  သိရသည်။

  

အဆိုပါ ၉၁ ဧက အကျယ်မြေနေရာတွင် စိုက်ပျိုးမြေနှင့် ကိုက်ညီသော တိရစ္ဆာန်အစာ ပင်များကို ရွေးချယ်စိုက်ပျိုးနိုင်ရန် မြေနမူနာကို (၆) လက်မ အနက်မှယူ၍ မြေ အရည်အသွေးကို နှစ်စဉ်စစ်ဆေးခဲ့ကာ ကနဦး ဧက ၂၀ တွင် တိရစ္ဆာန် အစာပင် (၁၀) မျိုးကို စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်မှုရရှိသောကြောင့် တိုးချဲ့စိုက်ပျိုးရန် မြေယာ ပြုပြင်ခြင်း လုပ်ငန်းကို မတ်လ၌ စတင်အကောင် အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

  

 “ ကျွဲ၊ နွား၊ သိုး၊ ဆိတ် အစာဖြစ်တဲ့ ဒေသမြက်တွေမှာ အသားဓာတ်ပါဝင်မှုနဲ့ အာဟာရ ဓာတ်ပါဝင်မှု နည်းပါတယ်။ မျိုးကောင်းမျိုးသန့် တိရစ္ဆာန်တွေကို မွေးမြူတဲ့အခါမှာ အာဟာရဓာတ် ပြည့်ဝပြီး အရည်အသွေးမြင့်တဲ့ တိရစ္ဆာန်အစာကို  ကျွေးဖို့လိုပါတယ်။ အရည်အသွေးပြည့်ဝတဲ့ အစာကို သင့်တင့်တဲ့ ပမာဏကျွေးရုံနဲ့ အစာစရိတ် သက်သာစေတဲ့အပြင် ထုတ်လုပ်မှုမှာ စံချိန်မီတဲ့အတွက် တောင်သူတွေ ဝင်ငွေပိုမိုရရှိ စေမှာပါ။ တိရစ္ဆာန်အစာ နေဗီယာမြက် ပထမ (၂၀) ဧကစမ်းသပ်စိုက်ပျိုးတာ အောင်မြင် တဲ့အတွက် ၉၁ဧက ကို တိုးချဲ့စိုက်ပျိုးဖို့ ဆောင်ရွက်နေပါတယ်။ ထွက်ရှိတဲ့ မြက်ကို ရန်ကုန်တိုင်းအတွင်း ဖြန့်ဖြူးသွားမယ်။ ဧရာဝတီတိုင်းနဲ့ပဲခူးတိုင်းကိုလည်း တိုးချဲ့ ဖြန့်ဖြူးနိုင်အောင် ရည်ရွယ်ဆောင်ရွက်နေပါတယ်။” ဟု ရန်ကုန်တိုင်းဒေသကြီး၊ မွေးမြူရေးနှင့် ကုသရေဦးစီးဌာန  ညွန်ကြားရေးမှုး ဒေါက်တာတိုးမင်းထွန်းကပြောသည်။

 

တိရစ္ဆာန်အစာပင်(၉)မျိုးအား မျိုးစေ့ထုတ်ရန်နှင့် ပင်ပွားဖြန့်ရန် ရည်ရွယ်ချက်ဖြင့်  မျိုးစေ့ထုတ်စိုက်ခင်း (၇၃) ဧကနှင့် ပင်ပွားမျိုးထုတ်စိုက်ခင်း (၁၈) ဧက စုစုပေါင်း ၉၁ ဧက၌ မွန်ဘားဆားမြက်၊ မန်ရေးဘားမြက်၊ ရူဇီမြက်၊ ပါစ်ပယ်လန်မြက်၊ ပန်ဂိုလာမြက်၊ မူလာတိုမြက်၊ ဒက်စ်မန်းသပ်မြက်၊ ဦးဘွန်းစတိုင်လိုမြက်နှင့် ဟားမားတား စတိုင်လိုမြက် တို့ကို စိုက်ပျိုး ထုတ်လုပ်သွားမည်ဖြစ်သည်။

   

မြန်မာနိုင်ငံတွင် နေပီယာမြက်၊ မွန်ဘားဆားမြက်တို့ကို တိရစ္ဆာန်အစာအဖြစ် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မွေးမြူ‌ရေးနှင့် ကုသရေးဦးစီးဌာနမှ ၁၅၇ ဒသမ ၄၁၂ ဧက၊ အခြားဌာန များမှ ၁၆၅ ဒသမ ၇၄၀ ဧကနှင့် ပုဂ္ဂလိကကဏ္ဍမှ ၂၂၅၆ ဧကတို့ဖြင့် ၂၅၇၉ ဒသမ ၃၇၇ ဧက စိုက်ပျိုးထားရှိပြီး ယခုအခါ တိရစ္ဆာန်အစာနှင့် နွားစာချဉ်ဖတ် (sillage) များကို  ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည့် အခွင့်အလမ်းများ ပေါ်ထွန်းလာသောကြောင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် နိုင်ငံအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိ စေရန် တိရစ္ဆာန်အစာပင်များ တိုးချဲ့စိုက်ပျိုးမှုကို စီမံချက်ထား ဆောင်ရွက်နေကြောင်း သိရသည်။

   

 

mdn

 

မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင် နို့စားနွားမွေးမြူရေး သုတေသနနှင့် သရုပ်ပြခြံသို့ မေလ ပထမပတ်က ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်မှ တိရစ္ဆာန်အစာ မြက်စမ်းသပ် စိုက်ခင်းအား ကွင်းဆင်းကြည့်ရှုစဉ် ထပ်မံထူထောင်စိုက်ပျိုးမည့် ၉၁ ဧကတွင် မြက်များ စိုက်ပျိုးမှု၊ နွားမွေးတောင်သူများသို့ အမှန်တကယ်ဖြန့်ဝေ အသုံးပြုနိုင်မှုနှင့် တွက်ခြေ ကိုက်မှု အခြေအနေကို စနစ်တကျ သုတေသနပြုရန်၊ နေဗီယာမြက် စိုက်ပျိုးရေးအတွက် လိုအပ်သည့် ရေရရှိရေး၊ သုတေသနနှင့် သရုပ်ပြခြံအတွင်း ရေကန်ပြုပြင်မှုတို့ကို တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ချိတ်ဆက်၍ အမြန် အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ မိမိခြံမှ မွေးမြူထုတ်လုပ်ဖြန့်ဝေပြီးသည့် နွားများ ဆက်လက်ဖြန့်ဝေမှုနှင့် ပွားများမှုအခြေအနေအား သုတေသနပြုပြီး အကျိုး သက်ရောက်မှုကို စိစစ်ရန် မှာကြားမှုအပေါ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။

         

စိုက်ပျိုးမွေးမြူရေးကို အခြေခံသောနိုင်ငံတွင် တိရစ္ဆာန်အစာပင် စိုက်ပျိုးထုတ်လုပ်မှုသည် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါလျက်ရှိသည်။ ထို့ပြင် စီးပွားရေး ဖွံ့ဖြိုးမှုနှင့် ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင်ဆောင်ရွက်ရာတွင် မွေးမြူရေး ကဏ္ဍသည် အရေးပါသောကြောင့် အာဟာရပြည့်ဝပြီး အရည်အသွေးမြင့်သော တိရစ္ဆာန်များ မွေးမြူ ထုတ်လုပ်ခြင်းဖြင့် မွေးမြူရေးလုပ်ငန်းမှ ဝင်ငွေပိုမိုရရှိစေလျက် တိရစ္ဆာန်အစာ အတွက်လည်း ကုန်ကျစရိတ် သက်သာစေမည်ဖြစ်ရာ ကျေးလက်နှင့် မြို့ပြဝင်ငွေ ကွာခြားမှုကို လျော့ကျစေမည်ဖြစ်သည်။

 

ညိမ်းသူ ( သတင်းစဉ်)

ဓာတ်ပုံ- ကနူး