နေပြည်တော်   ဇူလိုင်   ၁၉

 

(၇၄) နှစ်မြောက် အာဇာနည်နေ့တွင် နိုင်ငံတော်အတွက် အသက်ပေးလှူသွားကြသည့်  အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူးကုသိုလ်ပြု အမျှပေးဝေခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင်  နေပြည်တော်ရှိ နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့      နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏ  အမှူးပြုသော ဆရာတော်၊ သံဃာတော်များကြွ ရောက်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော် ကောင်စီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က  ခန်းမအတွင်းရှိ  ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး  ဆွမ်း၊  သစ်သီး၊  ပန်း၊  ရေချမ်းနှင့်  ဆီမီးတို့ကို ဆက်ကပ်လှူဒါန်းသည်။

 

အခမ်းအနားတွင်  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် အမှူးပြုသည့် ဧည့်ပရိသတ်များက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏ ထံမှ  ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွား သရဇ္စျာယ်တော်မူကြသည့် ပရိတ်တရား တော်များကို နာယူကြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင်၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင် နှင့် ဦးမြင့်စိုး တို့က အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

mdn

 

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏ ထံမှ  သံဝေဂကထာ တရားနာယူကြပြီး အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ရေစက်သွန်းချအမျှ ပေးဝေကြသည်။

 

ယင်းနောက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် အခမ်းအနားသို့ တက်ရောက်လာ ကြသူများက နိုင်ငံအတွက် အသက်ပေးလှူသွားကြသည့် အာဇာနည်ခေါင်း ဆောင်ကြီးများအား ရည်စူး၍ ( ၂) မိနစ်ငြိမ်သက် ဂါရဝပြုကြသည်။

 

အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက   ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

 

သတင်းစဉ်

 

mdn