နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်


၂၀၁၉ ခုနှစ် (၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားက မြန်မာ့သမိုင်းမော်ကွန်းတွင် ကမ္ပည်းတင်ရေးထိုး ရမည်ဖြစ်သည်။ ယခုနှစ်အခမ်းအနားတွင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကိုယ်တိုင် တက်ရောက်ဂါရဝပြုခဲ့၍ဖြစ်သည်။


ဤသည်မှာ အာဇာနည်နေ့အခမ်းအနားသို့ ပါလီမန်အစိုးရခေတ် ၁၉၅၈၊ ၁၉၅၉၊ ၁၉၆၀ ခုနှစ်များတွင် ထိုစဉ်က နိုင်ငံတော်သမ္မတ မန်းဝင်းမောင်နှင့် တော်လှန်ရေးကောင်စီခေတ် ၁၉၆၃ ခုနှစ်တွင် တော်လှန်ရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းတို့ တက်ရောက်ဂါရဝပြုပြီး နှစ်ပေါင်း ၅၀ ကျော်အကြာတွင် ယခုနိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက် ဂါရဝပြုခြင်း ဖြစ်သည်။


သို့ဖြင့် ၂၀၁၉ ခုနှစ် (၇၂) ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက် ဂါရဝပြုခဲ့ကြသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုတို့၏ အာဇာနည်နေ့ အမှတ်တရစကားများကို ဖော်ပြလိုက်ရပါသည်-

 

22


နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်


အာဇာနည်မိသားစုဝင်တွေကို အခုလို တွေ့ဆုံနှုတ်ဆက်ခွင့်ရတာ ဂုဏ်ယူပါတယ်။ အာဇာနည် မိသားစုဝင်တွေ အားလုံးလည်း ကျန်းမာချမ်းသာပါစေလို့ အမြဲဆုတောင်း မေတ္တာပို့သလျက်ရှိပါတယ်။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်


အာဇာနည်နေ့ဆိုတာ နှစ်တိုင်းနှစ်တိုင်း ဖြစ်တဲ့ ကိစ္စပဲ။ အားလုံးဟာ ကိုယ့်အတွေးနဲ့ ကိုယ်ပဲရှိရမှာပေါ့။ ဘယ်လိုတွေးရမယ်။ ဘယ်လိုစိတ်ထားရမယ်ဆိုတာ ဘယ်သူကမှ ညွှန်ကြားလို့မရဘူး။ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ရမှာပါ။ အာဇာနည်ဆိုတာ ဘာလဲ။ ဘာဖြစ်လို့ အာဇာနည်နေ့ ကျင်းပရသလဲ ဆိုတာ လူတိုင်းလူတိုင်း ကိုယ့်ဘာသာ စဉ်စား ရမယ့် ကိစ္စဖြစ်ပါတယ်။

 

33


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်


ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ နိုင်ငံ့ ခေါင်းဆောင်တွေကတော့ တိုင်းပြည် လွတ်လပ်ရေးရအောင် ပထမဦးစားပေး ဆောင်ရွက်ခဲ့တယ်။ ဒုတိယကတော့ တိုင်းပြည်တိုး တက်အောင် လုပ်ကြမယ်ဆိုတဲ့ စိတ်ပါ။ သူများနိုင်ငံတွေနဲ့ တန်းတူရင်ပေါင် တန်းနိုင်အောင်လုပ်ဖို့ပါ၊ ကျွန်တော် တို့ တိုင်းပြည်ကို စည်းနဲ့ကမ်းနဲ့ စနစ်တကျ ဆက်လက်တိုးတက်အောင် ဆောင်ရွက်ဖို့ ကျွန်တော်တို့အားလုံး လုပ်ကြဖို့ ရှိတယ်ဆိုတာ ကျွန်တော်ပြောချင်ပါတယ်။

 

444


(၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌသာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို


၂၀၁၉ ခုနှစ် မေလ ၁၀ ရက်နေ့ကစပြီး တော့ ဗီယက်နမ်နိုင်ငံကို ချစ်ကြည်ရေးခရီး သွားခဲ့ကြတယ်။ အဲဒီခရီးကို သမ္မတကြီး ဦးဆောင်တာဖြစ်ပါတယ်။ ကျွန်တော်လည်း အဖွဲ့ဝင်အဖြစ်နဲ့ ပါသွားပါတယ်။ ဗီယက်နမ် အစိုးရဖိတ်တာကတော့ ဗီယက်နမ် ဟနွိုင်းမြို့ မှာကျင်းပတဲ့ (၁၆)ကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓ ညီလာခံကို ဖိတ်တာဖြစ်ပါတယ်။ တစ်နည်း အားဖြင့် ကဆုန်လပြည့် ဗုဒ္ဓနေ့အခမ်းအနားကို ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော်ကို ဖိတ်ကြားပြီးတော့ ကျင်းပတဲ့ ခမ်းနားကြီးကျယ်တဲ့ အစည်းအဝေး ဖြစ်ပါတယ်။ ဟနွိုင်းမှာ ၅ ရက် လောက် နေထိုင်တဲ့အခါမှာ ဗီယက်နမ် ခေါင်းဆောင်ကြီး ဟိုချီမင်းရဲ့ဂူဗိမာန်ကိုလည်း သမ္မတကြီးနဲ့အတူ သွားရောက်လေ့လာခဲ့ရ ပါတယ်။ နေ့စဉ် လေ့လာရေးထွက်တဲ့အခါတိုင်း ဗီယက်နမ်ခေါင်းဆောင်ကြီး ဟိုချီမင်းရဲ့ ဂူဗိမာန်နဲ့ အဲဒီအစိုးရရုံးဌာနရှိတဲ့ ရပ်ကွက်ကို ကားကဖြတ်ပြီးစီးနေရတော့ တစ်နေ့အသွား၊ အပြန် နှစ်ခေါက် တွေ့ရတယ်။ ထူးဆန်းတာက စနေ၊ တနဂငေ်္နွဆိုရင် ခေါင်းဆောင်ကြီး သမ္မတကြီး ဟိုချီမင်းရဲ့ ဂူဗိမာန်မှာ လာရောက် အလေးပြုတဲ့ ပြည်တွင်းက မျိုးဆက်သစ် ကျောင်းသား ကျောင်းသူတွေ၊ မူလတန်း ကလေးတွေဆို မိဘတွေကိုယ်တိုင် လိုက်ပို့ ကြတယ်။ နောက် နိုင်ငံခြားသားတွေ ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာ ပြည့်နှက်နေတာတွေ့ရပါတယ်။ ကျွန်တော်တို့ မြန်မာ့ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တွေ သွားတဲ့အခါ လမ်းကို မနည်းရှင်းပေးရတယ်။ တလေးတစားနဲ့ အာဇာနည်ခေါင်းဆောင်ကြီး ကို ဂါရဝပြုကြတယ်။ နောက် မျိုးဆက်သစ် တွေကလည်း နှစ်တွေ ဘယ်လောက်ကြာကြာ၊ အချိန်တွေ ဘယ်လောက် ကုန်ဆုံးသွားသွား သမ္မတကြီး ဟိုချီမင်းနဲ့ နိုင်ငံအတွက် အသက် ပေးလှူသွားတဲ့ ခေါင်းဆောင်ကြီးတွေကို မမေ့ဖို့၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်၊ ထက်သန် နေဖို့အတွက်ကို မူလတန်းကလေးတွေဆို မိဘတွေလိုက်ပို့ရမယ်၊ အလယ်တန်း၊ အထက်တန်းနဲ့ တက္ကသိုလ်ကျောင်းသားတွေဆိုရင် ကျောင်းက စီစဉ်ပေးရမယ်။ တစ်နှစ်မှာ အနည်းဆုံး သုံးကြိမ်လောက် ကျောင်းသား ကျောင်းသူတွေက ခေါင်းဆောင်ကြီး ဟိုချီမင်း ရဲ့ ဂူဗိမာန်ကို အလေးပြုကြရပါတယ်။


ခေါင်းဆောင်ကြီး ဟိုချီမင်း ငယ်စဉ်က စပြီး ရုန်းကန်ကြိုးစားလှုပ်ရှားမှုတွေ၊ တိုက်ပွဲ ဝင်မှုတွေ၊ အဖ ဗီယက်နမ်နိုင်ငံအတွက် အသက်စွန့်မှု၊ ပေးဆပ်မှုတွေကို ဖော်ပြထား တယ်။ သွားကြည့်၊ နားထောင်ရင် ကျွန်တော် တို့တောင် မျက်ရည်လည်ပါတယ်။ သမ္မတကြီး ကလည်း ထိုနည်းလည်းကောင်းပါပဲ။ အဲဒီည မှာ တည်းခိုတဲ့ ဟိုတယ်ရောက်တဲ့အခါ ပြန်တိုင်ပင်ပါတယ်။ အဓိပ္ပာယ်က အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင် ပုဂ္ဂိုလ်ကြီးများက လည်းပဲ ဗီယက်နမ်ခေါင်းဆောင်ကြီး ဟိုချီမင်းထက် မလျှော့သော ဇွဲ၊ လုံ့လနဲ့ နိုင်ငံ ကို သှူကျွန်ဘဝက လွတ်မြောက်ဖို့ရအောင် ကြိုးပမ်းခဲ့တယ်၊ အသက်ပေးခဲ့တယ်။ ဘာတစ်ခုမှ ပိုင်ဆိုင်မှုမရှိဘူး။ ဟိုချီမင်းရဲ့ နေအိမ်ပြတိုက် ရောက်တဲ့အခါမှာလည်း တာဝါလိန်းလမ်းမှာရှိတဲ့ ဗိုလ်ချုပ်နေအိမ် ပြတိုက်နဲ့ ယှဉ်တဲ့အခါမှာ ဆင်းရဲပုံချင်းအတူတူပါပဲ။ အဝတ်အစား သုံးစုံလောက်ပဲရှိပါတယ်၊ ဘာမှတန်ဖိုးကြီးတဲ့ အဆောင်အယောင်ပစ္စည်း မရှိပါဘူး။ ခေါင်းဆောင်ကြီး နှစ်ယောက်က အင်မတန် တူပါတယ်။ နိုင်ငံအတွက်၊ လူမျိုး အတွက် စွန့်လွှတ်စွန့်စားသွားတဲ့နေရာမှာ ကျွန်တော်တို့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းက ခေါင်းဆောင်ကြီး ဟိုချီမင်းနဲ့ ဘက်ပေါင်းစုံမှာ ယှဉ်လို့ရပါတယ်။


ဒါတွေကို နောင်လာနောက်သား မျိုးဆက်သစ်တွေ သိနေဖို့လိုတယ်၊ တန်ဖိုးထားတတ်ဖို့လိုတယ်၊ အာဇာနည် ခေါင်းဆောင် ကြီးတွေ ဂုဏ်ကျေးဇူးကို မျိုးဆက်သစ်တွေရဲ့ နှလုံးသားမှာ အမြဲကိန်းအောင်းနေအောင် ကြိုးပမ်းဖို့လိုတယ်ဆိုပြီး ကျွန်တော့်ကို သမ္မတ ကြီးက တာဝန်ပေးပါတယ်။ အဲဒီအကျိုးဆက် အနေနဲ့ အခု(၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ သမ္မတကြီးကိုယ်တိုင် တက်ရောက်ခြင်း ဖြစ်ပါတယ်။ သမ္မတကြီး တက်ရင်ဒါကသမိုင်းဝင်တဲ့ ဆောင်ရွက်ချက် ဖြစ်သွားမယ်။ သမိုင်းဝင်ပါစေ၊ မဝင်ပါစေက အဓိကမဟုတ်ပါဘူးတဲ့၊ ဟိုချီမင်းထက် မလျှော့တဲ့ ဇွဲ၊ လုံ့လနဲ့ တိုင်းပြည်အတွက် အနစ်နာခံခဲ့တဲ့ ဗိုလ်ချုပ်ကို လေးစားဂုဏ်ယူ လို့ သူတက်မယ်ဆိုပြီး အဲဒီကတည်းက ဆုံးဖြတ်ခဲ့တာပါ၊ ဒါသည် ဗီယက်နမ်ခရီးစဉ် မေလကတည်းက ကျွန်တော်နဲ့ သမ္မတကြီး တိုင်ပင်ခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။


နောက်တစ်ခါ ယဉ်ကျေးမှုဝန်ကြီး တစ်ယောက်အနေနဲ့ ဘာဆက်လုပ်မလဲတဲ့၊ ဆက်လုပ်မှာက မြန်မာတစ်နိုင်ငံလုံး ဒီနေ့ အာဇာနည်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ မြို့နယ်တိုင်း မြို့နယ်တိုင်းမှာ အာဇာနည်နေ့ အခမ်းအနားကို တစ်ပြိုင်တည်း ကျင်းပပါမယ်၊ နိုင်ငံတော်အခမ်းအနားအနေနဲ့ ကျင်းပပါမယ်။ အဲဒီမတိုင်မီမှာ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ ပန်းချီပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ တွေကိုလည်း လက်လှမ်းမီသမျှ ကျယ်ကျယ် ပြန့်ပြန့်လုပ်ပါမယ်။ မျိုးဆက်သစ်တွေအတွက် စာပေ၊ ပန်းချီ၊ ဂီတပြိုင်ပွဲတွေ လုပ်နေပါတယ်။ ပြည့်စုံခြင်းတော့ မရှိသေးပါဘူး၊ တစ်ခုရှိတာ က ဟနွိုင်းမြို့မှာက ခေါင်းဆောင်ကြီး ဟိုချီမင်းရဲ့ ဂူဗိမာန်က ပြည်သှူရင်ပြင်လိုနေရာ မျိုးမှာရှိတာဖြစ်တယ်၊ မော်တော်ယာဉ်တွေ ရပ်လို့ရတယ်၊ လူပုဂ္ဂိုလ်တွေ သိန်းနဲ့ချီပြီး ရပ်လို့ရတယ်၊ ဒီမှာ ဗိုလ်ချုပ်နေအိမ်ပြတိုက်က တာဝါလိန်းလမ်းသွယ်ထဲမှာဆိုတော့ ယာဉ်၊ လူပုဂ္ဂိုလ်အထွက် အခက်အခဲရှိတယ်။ ဟနွိုင်းမြို့ရဲ့ အနေအထားမျိုးတော့ မရသေး ပါဘူး။ ဒါတော့ နောင်ကျမှ တစ်မျိုးတစ်ဖုံ စဉ်းစားပါမယ်။ ပြောချင်တာက တိုင်းပြည် အတွက် အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ စွန့်လွှတ် သွားတာ။ နောက်ဆုံးပိတ်အသက်ပါ စွန့်သွားတယ်။ ဗိုလ်ချုပ်နဲ့အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ ဂုဏ်ကျေးဇူးက ကြီးမြတ်လှပါတယ်။ 


ဒီလို အာဇာနည်နေ့ရောက်တိုင်း ရောက်တိုင်း ဗိုလ်ချုပ်ရဲ့ အဆုံးအမ ဩဝါဒတွေ၊ မိန့်ခွန်းတွေ လွှင့်ပေးတယ်။ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ သီချင်းတွေ လွှင့်ပေးတယ်။ ဒီနေ့ (၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပတဲ့ အခါသမယမှာ မှာချင်တဲ့ သတင်းစကားက မျိုးဆက်သစ်တွေရော၊ မျိုးဆက်ဟောင်းတွေရော အကြီးမြတ်ဆုံးသော သစ္စာ၊ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် အသက်ပေး မယ်ဆိုတဲ့ အဲဒီသစ္စာကိုပဲ ခံယူ ကြဖို့လိုပါတယ်။ ဒါမှသာလျှင် နောင်သားစဉ် မြေးဆက် ဒီပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တော်ကြီးက ထာဝရငြိမ်းချမ်းရေးရပြီးမှ ဖွံ့ဖြိုး တိုးတက်တဲ့၊ ဂုဏ်သိက္ခာမြင့်မားတဲ့ ပြည်ထောင်စုကြီး၊ နိုင်ငံတော်ကြီးနဲ့ နိုင်ငံသား တွေ ဘဝကိုရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ရရှိဖို့အတွက် နိုင်ငံတော်အစိုးရနဲ့အတူ တိုင်းရင်းသားအားလုံး၊ နိုင်ငံသားအားလုံး ဝိုင်းဝန်းပြီး သတ္တိရှိရှိ လက်ချင်းချိတ်ပြီး တည်ဆောက်ကြဖို့ လိုအပ်ပါတယ်လို့ ပြောချင် ပါတယ်။


တွေ့ဆုံမေးမြန်း 

မျိုးမြင့်၊ ဝင်းဝင်းမော်

ဓာတ်ပုံ - ဇော်မင်းလတ်၊ ရဲထွဋ်