၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ အတွင်းဝန်ဦးအုန်းမောင်နှင့် သက်တော်စောင့် ကိုထွေးတို့ကို မသမာသူအကြမ်းဖက်သမားတစ်စု၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရသောနေ့ဖြစ်သည်။ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ (၇၉) နှစ်ရှိခဲ့ပြီဖြစ်သော်လည်း ယနေ့ထက်တိုင် မမေ့နိုင်သေးဘဲ ထာဝစဉ်အောက်မေ့သတိရ လေးစားတန်ဖိုးထားနေဆဲဖြစ်သည်။
အာဇာနည်ခေါင်းဆောင်ကြီးများ၏ တိုင်းပြည်နှင့် လူမျိုးအပေါ်ထားရှိခဲ့သည့် မေတ္တာ၊ စေတနာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံမှုများကြောင့် ယနေ့ထက်တိုင် မမေ့နိုင်ကြသေးဘဲ ပြည်သူလူထုတစ်ရပ်လုံးက အောက်မေ့သတိရ၊ လွမ်းဆွတ်တသ၊ အသိအမှတ်ပြုနေကြဆဲဖြစ်သည်။ ပြည်ထောင်စုကြီးတစ်ခုလုံး သူ့ကျွန်ဘဝမှလွတ်မြောက်ပြီး လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ထင်ရှားပေါ်လွင် တင့်တယ်စွာ ရပ်တည်နိုင်ရေးအတွက် သူမတူအောင် ကြိုးပမ်းအားထုတ်ခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးများကို အထူးသတိရ အသိအမှတ်ပြုတုံ့ပြန်ကျေးဇူးသိသောအားဖြင့် တိုးတက်သော၊ ညီညွတ်သော၊ ခိုင်မြဲသော၊ ခံ့ညားသောနိုင်ငံတော် တည်ဆောက်နိုင်ရေးအတွက် အားလုံးကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
အာဇာနည်ခေါင်းဆောင်ကြီးများနှင့်တကွ အမျိုးသားခေါင်းဆောင်များ၊ တိုင်းပြည်နှင့် လူမျိုးကို ချစ်မြတ်နိုးသူများက ဆောင်ကြဉ်းပေးခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ လွတ်လပ်ရေးအဓွန့်ရှည်တည်တံ့ခိုင်မြဲ နေသမျှကာလပတ်လုံးလွတ်လပ်ရေးကို ဆောင်ကြဉ်းပေးခဲ့သူများအား သတိတရရှိနေကြမည်ဖြစ်သလို အမျိုးသားခေါင်းဆောင်များ ချမှတ်ပေးခဲ့သည့် နိုင်ငံတည်ဆောက်ရေး၊ ကာကွယ်ရေးလုပ်ငန်းစဉ်များအား မမေ့မပျောက်ဘဲ ထာဝစဉ်ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်ပြီး တိုက်ယူပေးခဲ့သည့် နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေး ကြိုးပမ်းမှုများကို မသွေဖည်ဘဲ နိုင်ငံတော်တည်ဆောက်ရေး၊ ကာကွယ်ရေးလုပ်ငန်းများကို တစ်စိတ်တစ်ဝမ်းတည်း လက်တွဲဖော်ဆောင်ကြရမည်ဖြစ်သည်။
ပန်းတိုင်မရောက်မီ ရေတိမ်နစ်၍ ကျဆုံးခဲ့သော မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းအား နှမြောတသ၍မဆုံး၊ ယူကျုံးမရ၊ လွမ်းဆွတ်တသလျက်ရှိသလို မသမာသူလူတစ်စု၏ ကိုယ်ကျိုးအတ္တကြီးမှု၊ အကြံပက်စက်မိုက်တွင်းနက်မှု၊ တိုင်းပြည်အကျိုးစီးပွားပျက်စီးစေမှု နိုင်ငံတော်လုပ်ကြံမှုကို သင်ခန်းစာယူပြီး အကြမ်းဖက်အဖျက်သမားအန္တရာယ်များကို အစဉ်သတိထားကာကွယ်ကြရမည်ဖြစ်သည်။ လောကတွင် ပြုသူနှင့်ဖျက်သူသည် အစဉ်ဒွန်တွဲနေလျက်ရှိနေသဖြင့် တိုင်းပြည်ကောင်းကျိုးကို တစ်ဖက်တွင်ဆောင်ရွက်နေသလို တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်နေသူများကို လုံခြုံရေးသတိဖြင့် အစဉ်သတိပြုပြီး ကာကွယ်တိုက်ဖျက်ကြရမည်ဖြစ်သည်။ တိုင်းပြည်တစ်ပြည်တွင် စီးပွားရေးအရမသမာမှု၊ နိုင်ငံရေးအရမသမာမှု၊ မရိုးဖြောင့်မှုများသည် တိုင်းပြည်ကိုဖျက်ဆီးခြင်းသာဖြစ်သည်။
တစ်နိုင်ငံလုံးရှိ ပြည်သူများက မည်မျှချစ်ခင်၊ ရိုသေလေးစား၊ မြတ်နိုးတန်ဖိုးထား သော်ငြားလည်း နိုင်ငံရေးအမြင်မတူသူ၊ နိုင်ငံရေးသဘောထားကွဲပြားသူ၊ ပြိုင်ဘက်ရန်သူကိုသတိမမူသဖြင့် မကြွေလွင့်သင့်ဘဲ ကြွေလွင့်ခဲ့ရသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အဖြစ်ဆိုးမျိုးကို သင်ခန်းစာယူသတိမူကြရမည်။ တိုင်းပြည်ကို အမှန်တကယ်ကောင်းစေလိုလျှင် နိုင်ငံရေးတရားသေဝါဒကို ရှောင်ရှားပြီး အားလုံးအတူတကွ လက်တွဲဆောင်ရွက်စေလိုသည့် ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းစဉ်ကို လေးစားလိုက်နာကြဖို့လိုမည်ဖြစ်သည်။
တရားသေနိုင်ငံရေးဝါဒ၊ တရားသေအစွန်းရောက်ဝါဒီများကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမျိုးသားခေါင်းဆောင်ကြီးများ ပန်းတိုင်ရောက်လုလုတွင် တက်ကျိုးခဲ့ရပြီး လွတ်လပ်ရေးရပြီးနောက်တွင်လည်း တရားသေနိုင်ငံရေးဝါဒ၊ တရားသေအစွန်းရောက်ဝါဒီများကြောင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး ဖွံ့ဖြိုးမှုနောက်ကျနေသည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။ ယနေ့ကာလတွင်လည်း တရားသေနိုင်ငံရေးဝါဒ၊ တရားသေအစွန်းရောက်ဝါဒီများက တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်း ပြုလုပ်နေကြသည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။ လက်ရှိကာလတွင် ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်အကောင်အထည်ဖော်လျက်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်းခံယူထားသည့်အတိုင်း မတူတာကိုခွဲလုပ်၊ တူတာကိုတွဲလုပ်ကြရမည့် ဒီမိုကရေစီလမ်းစဉ်ကို လျှောက်လှမ်းကြရမည်ဖြစ်ရာ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို အသိအမှတ်ပြုသောအားဖြင့် နိုင်ငံတော်ကို ဝိုင်းဝန်းလက်တွဲတည်ဆောက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။


