ရန်ကုန် ၁၉ ဇူလိုင်
(၂၀၁၉) ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်သော အာဇာနည်နေ့၌ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ်ပြတိုက်လမ်းနှင့် စောမဟာလမ်းစုံတွင်ရှိသော ဗိုလ်ချုပ်အောင်ဆန်းနှင့် မိသားစုနေထိုင်ခဲ့ရာ ဗိုလ်ချုပ်ပြတိုက်သို့ ကျောင်းသား၊ ကျောင်းသူများနှင့် လူမျိုးဘာသာမရွေး ပြည်သူအများလာရောက်ကြည့်ရှု လေ့လာကြလျက်ရှိရာ ယခုခင်းကျင်းထားမှု အတိုင်းသုံးရက်တိုင် ဖွင့်လှစ်ပြသသွားမည်ဖြစ်၍ လာရောက်လေ့လာကြသည့် ပြည်သူတို့၏ ပြောကြားသော ရင်တွင်းစကားသံတို့ကို ဖော်ပြလိုက်ပါသည်။
ဦးဇင်းဇဝန(ဝဲပျံစာသင်တိုက် ၊ ဗဟန်း)
ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်အတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်။ အဲ့ဒီလိုပဲ ကျန်တဲ့အာဇာနည် ရှစ်ဦးဟာလည်း တိုင်းပြည်အတွက် မမေ့နိုင်စရာအာဇာနည်သူ ရဲကောင်းတွေဆိုရင်လည်း မမှားပါဘူး။ ဦးဇင်းအပါအဝင် နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ အာဇာနည်ကိုးဦးနဲ့ အတူလွတ်လပ်ရေးရအောင်ကြံဆောင်ပေးခဲ့တဲ့ ရဲဘော်သုံးကျိပ်ကိုလည်း မမေ့သင့်ဘူး။ ဗိုလ်ချုပ်မရှိတော့ပေမယ့် ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ လမ်းစဉ်အတိုင်းစည်းစည်းလုံးလုံးနဲ့ အားလုံးတက်ညီလက်ညီ ဆောင်ရွက်ပြီး တော့တန်ဖိုးထားရမယ့်အရာကို တန်ဖိုးထားတတ်ဖို့လိုမယ်။ မရှိမှတန်ဖိုးထားလုပ်ပြနေတာထက်ရှိနေချိန်မှာ ပိုပြီးလေးစား တန်ဖိုးထားတတ်ရမယ်ဆိုရာ အတိတ်သမိုင်းပုံရိပ်တွေကို သင်ခန်းစာယူပြီး မမေ့ဖို့တော့လိုမယ်။
ဒေါ်နန့်ခင်ဌေးရီခိုင်(၈၀)နှစ် ( အာဇာနည်မန်းဘခိုင်၏သမီး)
ဗိုလ်ချုပ်ဟာ စံပြထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်လို့ အမေလာပြီးလေ့လာတာပါ။ အရမ်းလည်းအောင့်မေ့တယ်။ ဘာလို့လည်းဆိုတော့ အမေတို့နဲ့ ဗိုလ်ချုပ်အောင်ဆန်းမိသားစုဟာ မိသားစုတစ်ခုတည်းလေ။ မိသားစုတစ်စုတည်းဖြစ်တဲ့အတွက်ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိမ်ဟာကျွန်မတို့ အိမ်လိုပဲပေါ့နော်ဒီကို လာပြီးလေ့လာတဲ့ အခါမှာ ဝမ်းလည်းနည်းတယ်၊ ဝမ်းလည်းသာတာပေါ့ကွယ်။ မနှစ်ကမလာဖြစ်ဘူး။ အာဇာနည်ဗိမာန်ကိုသွားဖြစ်တယ်။ ဒီနှစ်တော့လာဖြစ်အောင် လာကြည့်တာပါကွယ်။
ဦးမန်းမောင်(မန္တလေး)
အာဇာနည်နေ့ဆိုတာက (၁၉)ဇူလိုင်မမေ့နိုင်လေ။ ဒီနှစ်ပိုစည်ကားတယ်။ အားလုံးစည်းစည်းလုံး လုံးတက်တက်ကြွကြွ လုပ်ဆောင်ကြတာ တွေ့ရတယ်။ လူမျိုးဘာသာမရွေး ရန်ကုန်မှာ အာဇာနည်နေ့မှာ အာဇာနည်(၉)ဦးကို ဂါဝရပြုကြတာ တွေ့ရတာရင်ထဲမှာလည်း ကြည်နူးဝမ်းသာပြီး စိတ်မကောင်းလည်း ဖြစ်ရတာပေါ့နော်။ လွတ်လပ်ရေးဖခင်ကြီး မျှော်မှန်းခဲ့တဲ့ တိုင်းပြည်စည်းလုံးရေး၊ သာယာဝပြောရေးကို ဆက်လက်ပြီးဦးတို့ အပါအဝင်တိုင်းရင်းသား အားလုံးဟန်ချက် ညီညီလက်တွဲညီညီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အချိန်တန်ပြီနေပါပြီ။
တပ်ကြပ်ကြီးသန်းဇော်ဦး( ကပစ-၁၂ ၊ မကွေး)
ရန်ကုန်ကိုရောက်တုန်း ဗိုလ်ချုပ်ပြတိုက်ကို လာကြည့်တာ။ ဗိုလ်ချုပ်အောင်ဆန်းဘယ်လိုပုံစံနဲ့ နေထိုင်ခဲ့တယ်ဆိုတာ မြင်တွေ့ချင်တယ်။ ဗိုလ်ချုပ်ထံက အတုယူစရာတွေကတော့ အများကြီးပဲ။
ဦးမောင်မောင်အုန်း( ကမာရွတ်မြို့နယ်)
ဗိုလ်ချုပ်ပြတိုက်ကို မလာဖြစ်တာကြပြီ။ ဒီတစ်ခေါက်ခင်းကျင်းပြသထားတာက အရင်နဲ့မတူတာရယ်၊ ဗိုလ်ချုပ်ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားတွေ ပြသထားတာမြင်ဖူးချင်တာလည်း ပါတယ်။ ဒါကြောင့်လာကြည့်ဖြစ်တာပါ။
အာဇာနည်နေ့သာမရှိခဲ့ရင် အဲ့ဒီခေါင်းဆောင်တွေ ရှိနေခဲ့မယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်က ဒီလိုပုံစံရှိနေမှာ မဟုတ်ဘူး။ နိုင်ငံတကာနဲ့ ယှဉ်လို့ရတယ်။ နိုင်ငံကိုချစ်တဲ့စိတ်နဲ့လွ တ်လပ်ရေးရအောင် ဆောင်ရွက်ပေးခဲ့တဲ့ ဒီပုဂ္ဂိုလ်တွေရဲ့ စိတ်ဓာတ်ကို အတုယူရမှာပါ။ကျွန်တော်တို့ ပြည်သူတွေမှာလည်း အာဇာနည်ခေါင်းဆောင်တွေရဲ့ စိတ်ဓာတ်တွေထားရှိဖို့ တာဝန်ရှိပါတယ်။
မခင်သဉ္စာပြည့် ( ဒဿမတန်း၊ ပုလဲစံပြကိုယ်ပိုင်အထက်တန်းကျောင်း၊မင်္ဂလာဒုံမြို့နယ်)
ကျောင်းကလိုက်ပို့လို့ ရောက်ဖူးတာပါ။ ကျောင်းမှာလည်း အာဇာနည်နေ့နဲ့ ပတ်သက်ပြီးကဗျာ၊ စာစီစာကုံး၊ ကျဘန်းစကားပြောနဲ့ ဟောပြောပွဲတွေကနေ အာဇာနည်ခေါင်းဆောင်ကြီးတွေ အကြောင်းကို သိထားပါတယ်။ အခုမှဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့တဲ့ အိမ်ခန်းနေရာတွေကို မြင်ရတော့ရင်ထဲမှာ တစ်မျိုးကြီးပဲ။ ဘာကြောင့်မှန်းမသိဘူး။ ဥသြဆွဲတဲ့ အချိန်မှာ သမီးတို့သူငယ်ချင်းတွေ မျက်ရည်ကျမိ တယ်။ ကြက်သီးတွေလည်း ထလာတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျဆုံးသွားသူတွေသာ ရှိနေခဲ့ရင် သမီးတို့နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေထက် တိုးတက်အောင်မြင်နေမယ်လို့ ထင်တယ်။သမီးတို့နိုင်ငံ မှာလိုအပ်တာက ခေါင်းဆောင်ကောင်းပဲ။ သမီးတို့လည်း ကိုယ့်တာဝန်ကိုယ်ကျေဖို့ ကြိုးစားနေပါတယ်။
မမြတ်မြတ်သူ ( နဝမတန်း၊အထက-၂ ၊သံလျင်မြို့နယ်)
သမီးတို့ဗိုလ်ချုပ်အိမ်ထဲ ရောက်တော့ မိသားစုထမင်းစားခန်း၊ အိပ်ခန်း၊နားနေခန်းတွေ တွေ့ခဲ့တယ်။ ဝတ်ခဲ့တဲ့အင်္ကျီတွေလည်းမြင်ခဲ့ရတယ်။ ကြည့်ရင်းနဲ့ ဝမ်းနည်းမှုတော့ဖြစ်မိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေသာ ရှိခဲ့ရင်ဆိုပြီး စဉ်းစားမိလို့ပါ။ပြီး တော့သမီးတို့ ဖတ်ထားရသမျှ ဆိုရင်ဗိုလ်ချုပ်အောင်ဆန်း လိုစိတ်ဓာတ်ကနည်းနညး်မဟုတ်ဘူး။ များများရှားတယ်။ လုပ်ရဲခံရဲပြီး မှန်တယ်ထင်ရင် ဆက်လုပ်တတ်တဲ့ စိတ်ဓာတ်ဟာ သမီးတို့အတွက် အတုယူစ ရာပါ။ အဲ့ဒီလို စိတ်ဓာတ်တွေရှိရင် မကြာခင်မြန်မာပြည် တိုးတက်လာမှာပါ။ ကျောင်းသားတွေလည်းဗှိ လ်ချုပ် အောင်ဆန်းလို စိတ်ဓာတ်မျိုး အတုခိုးရင် ကောင်းတာပေါ့။ ဒီနေ့ဗိုလ်ချုပ်ပြတိုက် ကြည့်ပြီးပြီဆိုတော့ ဗိုလ်ချုပ်ကြေးရုပ်မှာ ဦးညွတ်မယ်၊ အာဇာနည်ကုန်း၊ ဝန်ကြီးများရုံးကို ကျောင်းကအားလုံးသွား ကြည့်ကြမယ်။ အထူးသဖြင့် ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်တယ်။ အိမ်မှာဆို လာဖြစ်မှာမဟုတ်ဘူး။
သန်းထိုက်
ဓာတ်ပုံ - သန်းစိုး


