ရန်ကုန်  ၄ ဇူလိုင် 


မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် မိသားစုနေထိုင်ခဲ့သော ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင် တာဝါလိန်းလမ်း) ရှိ ဗိုလ်ချုပ်နေအိမ်ကို ဇူလိုင် ၁၉ ရက် (အာဇာနည်နေ့)တွင် အထူးပြင်ဆင်ထားမှု နှစ်ရပ်နှင့် ပြတိုက်အပေါ်ထပ်သို့ လေ့လာကြည့်ရှုခွင့်ရရှိမည်ဖြစ်ကြောင်း  သိရသည်။


ဗိုလ်ချုပ်အောင်ဆန်းသည် မိသားစုနှင့်အတူ ယခုပြတိုက်နေအိမ်တွင် ၁၉၄၅ ခုနှစ် မေလမှ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်  နံနက်ပိုင်းထိ   နေထိုင်ခဲ့ပြီး ကျဆုံးပြီးနောက်  ဇနီးဖြစ်သူ  ဒေါ်ခင်ကြည်နှင့် မိသားစုတို့ နေထိုင်ခဲ့ရာ ဧည့်ခန်းတွင် ထိုအချိန်က ပုံစံအတိုင်း ပြင်ဆင်ထားရှိမည်ဖြစ်ကြောင်း၊ အပေါ်ထပ်ရှိဗီရိုအတွင်း ပြသခဲ့သော ဗိုလ်ချုပ်အောင်ဆန်းဝတ်စုံကို ယခုနှစ်တွင် ထုတ်ယူပြသမည့် အထူးပြင်ဆင်မှုနှစ်ရပ်နှင့်အတူ ပြတိုက် အပေါ်ထပ်ကြံ့ခိုင်မှုကို ပြင်ဆင်ခဲ့၍ ပိတ်ထားခဲ့ရာမှ  ယခုနှစ်  အာဇာနည်နေ့တွင် တစ်ကြိမ်လျှင် လူ ၅၀  ဖြင့် အပေါ်ထပ်သို့ အလှည့်ကျလေ့လာ ကြည့်ရှုခွင့်ရရှိမည် ဖြစ်သည်။     


“ပြီးခဲ့တဲ့နှစ်က  အပေါ်ထပ်ကိုတက် ရောက်ခွင့်ပိတ်ထားခဲ့ပေမယ့် လှေကား ကြံ့ခိုင်မှုပြီးစီးသွားပြီဖြစ်လို့ တစ်ကြိမ်ကို လူ ၅၀ လေ့လာကြည့်ရှုလို့ရပါပြီ။ အောက်ထပ်အပန်းဖြေဝိုင်းနဲ့  ထမင်း စားခန်းကိုကြည့်ရှုပြီးတော့ ၁၉၄၇ ခုနှစ်က ပုံစံအတိုင်းဧည့်ခန်းကိုလေ့လာ ရမှာပါ။  အပေါ်ထပ်က  ဗိုလ်ချုပ်အိပ်ခန်းက ခုတင်ခြေရင်းမှာ ဗိုလ်ချုပ် ဝတ်ဆင်ခဲ့တဲ့  ဝတ်စုံကို ပြသပါ့မယ်။ ကလေးတွေအိပ်ခန်းနဲ့ အထူးစည်း ဝေးခန်းကိုကြည့်ရှုပြီးတော့ ခြံထဲက စိုက်ခင်းကိုလေ့လာနိုင်အောင် ဆောင် ရွက်ထားပါတယ်” ဟု အမျိုးသားပြတိုက် (ရန်ကုန်)  မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးက ပြောသည်။


နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပြသမည်     


ယမန်နှစ်က ပြတိုက်အတက်လမ်း တစ်လျှောက်တွင်  ဗိုလ်ချုပ်၏  အဆို အမိန့်များကိုပြသခဲ့ပြီး ယခုနှစ်တွင် ဗိုလ်ချုပ်ပုံပါသော တံဆိပ်ခေါင်းများကို ဘုတ် ၁၈ ခုဖြင့် ပြသွားမည်ဖြစ်ကြောင်း၊  ဗိုလ်ချုပ်စိုက်ခင်းစိမ်းလန်းစိုပြည်မှုကို  ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊  ပန်းဥယျာဉ်ဌာနနှင့်  လာရောက်လေ့လာကြည့်ရှု သူများ မိုးမစိုစေရန်ပြတိုက်တက်လမ်း တစ်လျှောက်ပေါင်းမိုးများကို အင်ဂျင် နီယာဌာနများက ဖြည့်ဆည်းဆောင်ရွက် ထားပြီး  အာဇာနည်နေ့တွင် နံနက် ၆ နာရီမှညနေ ၆ နာရီအထိ ဖွင့်လှစ်ပြသ မည်ဖြစ်သည့်အပြင်ကျန်နှစ်ရက်တွင် လည်း နံနက် ၈ နာရီမှညနေ ၅ နာရီ အထိပြသသွားမည်ဖြစ်ကြောင်း၊ ပုံမှန် ရက်များ၌  တနင်္လာနေ့နှင့်  ပြန်တမ်း ဝင်ရုံးပိတ်ရက်မှအပ နံနက် ၉ နာရီခွဲမှ ညနေ ၄ နရီခွဲအထိ အခမဲ့ပြသလျက်ရှိကာ နိုင်ငံခြားသားတစ်ဦးလျှင် ကျပ်ငါးထောင် ဝန်ဆောင်မှုဖြင့် ပြသလျက်ရှိသည်။


ဧည့်ခန်းပြင်ဆင်မှု ဇူလိုင် ၁၆ ရက်တွင် ပြီးစီးမည်          


၂၀၁၈-၂၀၁၉  ဘဏ္ဍာနှစ်ပြည် ထောင်စုဘတ်ဂျက်ဖြင့်   တိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အထွေထွေမွမ်းမံခြင်းလုပ်ငန်းကို အပိုင်းသုံးပိုင်း၊ လုပ်ငန်းစဉ်ကိုးခုဖြင့် လုပ်ဆောင်လျက်ရှိရာ အဆောက်အအုံကြံ့ခိုင်မှုကို ဦးစားပေးလုပ် ဆောင်ခဲ့၍ ဧည့်ခန်းပြင်ဆင်မှုကိုဇူလိုင် ၁၆  ရက်တွင်  ပြီးစီးမည်ဖြစ်ကြောင်း၊ ပြတိုက်ရေရှည်တည်တံ့ခိုင်မြဲရေးနှင့်စိမ်းလန်းစိုပြည်သာယာလှပရေးကို မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံဗိသုကာ ပညာရှင်များအသင်း၊ ရန်ကုန်ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ပြတိုက်မွမ်းမံမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဟု  သိရသည်။


၁၉၄၇ ခုနှစ်က ဧည့်ခန်းပုံစံအတိုင်း ပြင်ဆင်ထား    


ယမန်နှစ်က ပြည်သူ နှစ်သောင်းကျော်နှင့်  နိုင်ငံခြားသား  ၉၇ ဦး သုံးရက်အတွင်း လာရောက်ကြည့်ရှု လေ့လာခဲ့ပြီး ယခုနှစ်တွင် ၁၉၄၇ ခုနှစ်က ဧည့်ခန်းပုံစံအတိုင်း ပြင်ဆင်ထားရှိမှုနှင့်  ဗိုလ်ချုပ်အောင်ဆန်း ဝတ်ဆင်ခဲ့သည့်အင်္ကျီကိုလည်းအပြင်တွင် ပြသသွားမည်ဖြစ်သည့်အပြင် ပြတိုက်အပေါ်ထပ်ကို ကြည့်ရှုလေ့လာခွင့်ရရှိမည်ဖြစ်ရာ  ယမန်နှစ်ထက်ကြည့်ရှု လေ့လာသူ ပိုမိုများပြားစည်ကားနိုင်ကြောင်း သိရသည်။ 


သန်းထိုက်၊ ဓာတ်ပုံ - သန်းစိုး