မိုးမိတ် ၁၃ ဇူလိုင်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့၊ မြစ်ဆုံကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီး၍ (၇၂) ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲကို ဇူလိုင် ၁၂ ရက် နေ့လည် ၁ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်ဦးစီးအရာရှိ ဒေါ်နေမျိုးပိုင်က အာဇာနည်ခေါင်ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံအပေါ်ထားရှိသည့် မျိုးချစ်စိတ်ဓာတ်၊ ခံယူချက်၊ စွန့်လွှတ်အနစ်နာခံလိုစိတ်များအကြောင်းနှင့် အာဇာနည် ခေါင်ဆောင်ကြီးများအကြောင်းကို ယနေ့ခေတ် လူငယ်များ အတုယူအားကျမှုရှိစေရန်နှင့် နိုင်ငံတော်အတွက် အားထားရသော သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန်ဟူသော ရည်ရွယ်ချက်များဖြင့် လာရောက် ဟောပြောရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက (၇၂) ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အဖြစ် ပြသထားသော အာဇာနည်ခေါင်ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏အတ္ထုပတ္တိ၊ အဆိုအမိန့်များနှင့် ဓါတ်ပုံပြဘုတ်များကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
စည်သူဌေး (မိုးမိတ်သား)


