ရန်ကုန် ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာအာကာသအေဂျင်စီနှင့် အာကာသပြတိုက် (ရန်ကုန်)တို့က ကြီးမှူး၍ အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ/ ကာတွန်း/ ပိုစတာပြိုင်ပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ အာကာသ ပြတိုက်(ရန်ကုန်)၌ ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ ရက်အထိ ၃ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲကို အခြေခံပညာ မူလတန်းအဆင့်အတွက် အာကာသသူရဲကောင်း၊ အခြေခံပညာ အလယ်တန်းအဆင့်အတွက် စူးစမ်းလေ့လာ အာကာသကမ္ဘာနှင့် အခြေခံပညာအထက်တန်းအဆင့်အတွက် အနာဂတ် အာကာသနည်းပညာ စသည့်ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲကို အနာဂတ်မျိုးဆက်သစ်လူငယ်မောင်မယ်များ အာကာသသိပ္ပံနှင့် နည်းပညာများကို စိတ်ဝင်စားပြီး အနုပညာမှတစ်ဆင့် သိပ္ပံဆိုင်ရာစိတ်ကူး စိတ်သန်းများ ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲ အမျိုးအစားအားလုံးအတွက် သိပ္ပံဆိုင်ရာ စိတ်ကူးစိတ်သန်းတီထွင်ဖန်တီးမှု အနုပညာလက်ရာနှင့် ကျွမ်းကျင်မှု၊ ရုပ်ပုံဖွဲ့စည်းမှုနှင့် အချိုးအစား၊ ပေးလိုသောသတင်းစကားနှင့် ထူးခြားမှု၊ မြန်မာ့အငွေ့အသက်နှင့် အာကာသ နယ်ပယ် ဟန်ချက်ညီညီ ပေါင်းစပ်ထားရှိမှု စသည့်အချက်များအပေါ်တွင် အမှတ်ပေးသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ ဒေါက်တာ ဟန်ဇော်ထွန်း က ပြောကြားသည်။
ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုတံဆိပ်များ၊ ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်သွားမည်ဖြစ်သည့်အပြင် ပါဝင်ယှဉ်ပြိုင်သူအားလုံးကိုလည်း certificate များ၊ အမှတ်တရ လက်ဆောင်များ ပေးအပ်သွားမည် ဖြစ်သည်။
အခြေခံပညာမူလတန်းအဆင့် ဆုရရှိသူများအား ပထမဆု ကျပ် ငါးသိန်း၊ ဒုတိယဆု ကျပ်လေးသိန်း၊ တတိယဆု ကျပ်သုံးသိန်း၊ အထူးဆု ၁၀ ဆုအတွက် တစ်ဆုလျှင် ငွေကျပ်နှစ်သိန်းစီဖြင့် လည်းကောင်း၊ အခြေခံပညာ အလယ်တန်းအဆင့်တွင် ပထမဆု ကျပ် ခုနစ်သိန်း၊ ဒုတိယဆု ကျပ်ခြောက်သိန်း၊ တတိယဆု ကျပ်ငါးသိန်း၊ အထူးဆု ၁၀ ဆုအတွက် တစ်ဆုလျှင် ကျပ်သုံးသိန်းစီဖြင့်လည်းကောင်း၊ အခြေခံ ပညာအထက်တန်းအဆင့် ဆုရရှိသူများအား ပထမဆု ကျပ်၁၀ သိန်း၊ ဒုတိယဆု ကျပ်ကိုးသိန်း၊ တတိယဆု ကျပ်ရှစ်သိန်း၊ အထူးဆု ၁၀ ဆုအတွက် တစ်ဆုလျှင် ကျပ်ငါးသိန်းစီဖြင့် လည်းကောင်း ချီးမြှင့်သွား မည်ဖြစ်သည်။
ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်တွင် အခြေခံပညာအထက်တန်း အဆင့်၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် အခြေခံ ပညာမူလတန်းအဆင့်နှင့် မတ် ၁ ရက်တွင် အခြေခံပညာအလယ်တန်းအဆင့်တို့မှ ကျောင်းသား ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနား ကို မတ် ၄ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။
ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်လိုသည့် ကျောင်းသား ကျောင်းသူများ အနေဖြင့် မိမိတို့ သက်ဆိုင်ရာ ကျောင်းများမှတစ်ဆင့် ဖေဖော်ဝါရီ ၁၉ ရက် နောက်ဆုံးထား၍ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးသို့ စာရင်းပေးသွင်း လျှောက်ထား ရမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


